ကိုယ်ဝန်ဆောင်မိခင်တွေ စင်္ကာပူကို မလာဖို့ သံရုံးကြေညာချက်ထုတ်


2016.09.02
zika-virus-620.jpg ဇီကာဗိုင်းရပ်စ် အကြောင်းရေးထားတဲ့ ပညာပေးကြော်ငြာတစ်ခုကို တွေ့ရစဉ်
Photo: www.gov.sg/zika

စင်္ကာပူနိုင်ငံကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ မိခင်လောင်းတွေအနေနဲ့ ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းထားဖို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ပျံ့နှံ့နေပြီး မြန်မာနိုင်ငံသား တစ်ဦးပါ ကူးစက်ခံရတဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ စင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံမှူး ဒေါ်ထွေးထိပ်တင်လွင်က ပြောပါတယ်။

"စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက အကြောင်းကြားလာပါတယ်၊ မြန်မာနိုင်ငံသားတစ်ယောက် ကူးစက် ခံရတယ်ဆိုပြီးတော့ပေါ့နော်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ သံရုံးက ကြေညာချက် ဒီနေ့မနက် တင်ပဲ ထုတ်လိုက်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်တဲ့ အမျိုးသမီးတွေ၊ မိခင်လောင်းတွေပေါ့၊ အခုရက်ပိုင်းအတွင်း စင်္ကာပူနိုင်ငံကို လာရောက်မှုကို ခေတ္တ ရပ်ဆိုင်းထားသင့် ပါတယ်ဆိုပြီး အသိပေး အကြောင်းကြားချက် ထုတ်ထားပါတယ်"

ဇီကာဗိုင်းရပ် ကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံသားကို စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့် ကုသပေးနေပြီး သက်သာလာပြီဖြစ်ကြောင်းနဲ့ လူနာရဲ့ မေတ္တာရပ်ခံချက်ကြောင့် အသေးစိတ် အချက်အလက်တွေ ကို ပြောလို့မရကြောင်းလည်း ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။

ဇီကာဗိုင်းရပ်ကူးစက်ခံရသူဟာ ကိုယ်အပူချိန်တက်ခြင်း၊ အရေပြားယားရန်ခြင်း၊ မျက်လုံးနီခြင်း၊ ခန္တာကိုယ် ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ခြင်း ဝေဒနာတွေ ခံစားရတဲ့ လက္ခဏာတွေ ပြလာတာတွေရှိပါတယ်။

စင်္ကာပူနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ဇီကာဗိုင်းရပ်ကူးစက်ခံရရင်လည်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အရေးပေါ် ဆက်သွယ်ရေးတယ်လီဖုန်းနံပါတ် ၀၈၂၄၆၈၅၈၁ ကို ဆက်သွယ်ပြီး လိုအပ်တဲ့ အကူအညီတွေ တောင်းခံနိုင်ကြောင်းလည်း သံရုံးကအသိပေးထားပါတယ်။

စင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူး ဒေါ်ထွေးထိပ်တင်လွင်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။