ဒေါက်တာ ဇော်မြင့်မောင် မန္တလေးဆေးရုံမှာ ဆေးကုသမှုခံနေရ

RFA Burmese
2024.07.11
ဒေါက်တာ ဇော်မြင့်မောင် မန္တလေးဆေးရုံမှာ ဆေးကုသမှုခံနေရ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က မိုးကုတ်မြို့တွင် တွေ့ရစဉ်။
Mandalay Information Committee NLD Photo

ဖမ်းဆီးထောင်ချခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ကင်ဆာရောဂါ ဆိုးရွားလာတာကြောင့် ဇွန်လ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၁၁ ဒီနေ့အထိ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ကင်ဆာရောဂါ ဝေဒနာ သိသိသာသာ ဆိုးရွားလာတာကြောင့် ခါးရိုးချဉ်ဆီထုတ်ယူဖို့အတွက် ဆေးရုံထပ်တက်နေရတာလို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

"ပြောရရင် အရင်သောက်နေကြ ဆေးတွေက ဘာမှကို မတုံ့ပြန်တော့တာ။ ဒါကြောင့် ဆေးရုံထပ်တင်ပြီး ခါးရိုးချဉ်ဆီ ဖောက်မယ်။ အဲဒီက ရလဒ်ကိုကြည့်ပြီး ဆေးအသစ် ပြောင်းမယ်လို့ သတင်းကြားပါတယ်။ ရောဂါဆိုးနေချိန်မှာ မိသားစုက ပြုစုခွင့်မရတော့ အရင်ကထက်ကို သိသိသာသာ ပိန်သွားတာ တွေ့ရတယ်"

ဒေါက်တာ ဇော်မြင့်မောင်ကို အိုးဘိုထောင်ဆေးရုံမှာ ဆေးကုသမှု ပေးနေပေမဲ့ မသက်သာကြောင့် မန္တလေးဆေးရုံကြီးကို ရွှေ့ပြောင်းလိုက်တာလို့ ဆိုပါတယ်။

မန္တလေးဆေးရုံကြီးမှာလည်း အထူးကြပ်မတ်ကုသဆောင်မှာ ထောင်ဝန်ထမ်း နှစ်ဆယ်နီးပါးနဲ့ စောင့်ကြည့်နေပြီး အပြင်လူတွေနဲ့ တွေ့ဆုံခွင့် မပေးထားဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA ကဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ် (၂၉) နှစ် အထိ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။