ဇာဂနာလွတ်ပြီ

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၃ နှစ်နဲ့ ၅ လ အကြာမှာ လွတ်လာခဲ့ပါပြီ။ ကိုဇာဂနာ ကျန်းမာရေး အတော်ကောင်းမွန်နေသလို ပြင်ပမှာ ရှိနေစဉ်အတိုင်း အာအက်ဖ်အေရဲ့ မေးခွန်းတွေကို တက်ကြွတဲ့အသံနဲ့ ဟာသနှောပြီး ဖြေခဲ့ပါတယ်။

2011.10.12
zaganar-amnesty ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်ခဲ့ပြီးနောက် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ရောက်ရှိလာချိန်တွင် ကြိုဆို နှုတ်ဆက်သူတွေနဲ့အတူ တွေ့မြင်ရစဉ် မြင်ကွင်း ဖြစ်ပါတယ်။ AFP PHOTO/Soe Than WIN
AFP

ပထမဆုံး ထောင်ကထွက်ရတဲ့ ခံစားမှုကို သူက အခုလို ပြောပါတယ်။

“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု ၃ နှစ် ၅ လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့။ တကယ်ဆို ထောင်ကလွတ်တာ ပျော်စရာပေါ့။ ဒါပေမယ့် ကျနော် မပျော်နိုင်ဘူး၊ သူငယ်ချင်းတွေ အများကြီး ထောင်ထဲမှာ ကျန်ရစ်ကြတယ်။ ဘာလို့ အစိုးရ တွန့်တိုတာလည်း နားမလည်ဘူး ဖြစ်ရတယ်။ လွတ်မယ့်သာ လွတ်လာတယ် လွတ်ရကျိုး မနပ်ဘူးပေါ့”

ကိုဇာဂနာ နဲ့အတူ မြစ်ကြီးနားထောင်မှာ ၁၄ နှစ်နီးပါး နေခဲ့ရတဲ့ ဦးမျိုးအောင်သန့်နဲ့ ၂ဝဝ၇ သံဃာ့လှုပ်ရှားမှုမှာ ဖမ်းခံရတဲ့ သာကေတ မြို့နယ်က ကိုယဉ်မင်းထွန်းဆိုသူ ကျောင်းသားတို့ ၃ ဦးသာ လွတ်ပြီး သံဃာတော်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ယောက် လောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

“ဘုန်းကြီး ၄ ပါး ကျန်ခဲ့တယ်၊ ဆရာတော် ဦးဉာဏရယ် မန္တလေးက ဆရာတော်ချည်းပဲ ၄ ပါး၊ ဆရာတော် ဦးဝေဒသူ ရယ်၊ ဦးဓမ္မသာမိ ရယ်၊ နောက် ဆရာတော် ဦးကဏ္ဍသာရရယ်။ နိုင်ငံရေးသမားတွေ ကတော့ သီဟသက်တင်၊ ဇေယျာအောင်၊ မျိုးမင်းသန်း၊ ကိုကြည်တိုး၊ နိုင်ငံတော်အစိုးရ လက်မခံတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့ သူတို့ ကျန်ခဲ့တယ်”

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင် စုစုပေါင်း ၄ ကြိမ် ကျခဲ့ဖူးတဲ့ ကိုဇာဂနာဟာ အရင်ကာလတွေက ထောင်မှာ နေခဲ့တာထက် ဒီတခါ မြစ်ကြီးနားထောင်တွင်း အခြေအနေတွေ ကောင်းမွန်လာတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင် ခံစားနေရတဲ့ သွေးတိုးရောဂါလည်း မြစ်ကြီးနားက ဆရာဝန်ရဲ့ စောင့်ရှောက်မှုကြောင့် ကောင်းလာတဲ့ အကြောင်း ပြောပါတယ်။

ကိုဇာဂနာ မလွတ်မြောက်ခင် အချိန်အထိ တနှစ်နဲ့ ၅လလောက် ထောင်ဝင်စာ ပိတ်ခံရတာနဲ့ ပတ်သက်လို့လည်း သူက အကျဉ်းသား အခွင့်အရေး ချိုးဖောက်ခံရတာမို့ အတော်လေး ခံပြင်းခဲ့ရတယ်လို့ ပြောပါတယ်။

“ဒါဟာ ဆိုးရွားတဲ့လုပ်ရပ်ပါ၊ အကျဉ်းသားတယောက်ဟာ အကျဉ်းထောင် ဥပဒေ ချိုးဖောက်ရင် လုပ်ပေါ့၊ ကျနော့်မှာ ဘာမှ မချိုးဖောက်ဘူး။ ခယ်မက ထောင်ဝင်စာ လာတွေ့တယ်။ ထောင် ဝန်ထမ်းတွေနဲ့ အဆင်မပြေ ဖြစ်တယ်။ သူတို့ချင်း ဖြစ်တာ ကျနော့်ကို အရေးယူတယ်ဆိုပြီး ကျနော့်ကို ထောင်ဝင်စာ ပိတ်တာ။ နောက်နောင် ဒါမျိုးမဖြစ်အောင် ထောင်ပိုင်ကို တရားဝင် ပြောခဲ့ပါတယ်”

ကိုဇာဂနာရဲ့ မိခင်နဲ့ ဖခင် ၂ ဦးလုံးဟာ ထင်ရှားတဲ့ စာရေးဆရာကြီး တွေ ဖြစ်သလို လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်နဲ့ ၂ဝ၁ဝ ခုနှစ်ကပဲ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ခဲ့ကြတာပါ။ မိဘ၂ ပါးထံက အနုပညာအမွေ ဆက်ခံနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝ ကတည်းက အငြိမ့် လူပြက်အဖြစ် နာမည်ရခဲ့ပြီး မဆလခေတ် တလျှောက်လုံး တပါတီ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အမြီးအမောက် မတည့်တာ တွေကို သိမ်မွေ့တဲ့ နိုင်ငံရေး သရော်ချက်တွေ၊ ပျက်လုံးတွေ ထုတ်ခဲ့လို့ မြန်မာပြည်သူတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။

အခုရော ထောင်ထဲမှာ ပြက်လုံးတွေ ဖန်တီးဖြစ်သလား၊ မကြာသေးခင်က ၂ ပိုင်းကွဲပြီး ပြည်တော်ပြန်သွားတဲ့ သီးလေးသီး အဖွဲ့ကို ဘယ်လို သဘောထားရှိလဲလို့ တဆက်တည်း မေးကြည့်ပါတယ်။

“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။ ကျနော် အခု ပြန်ထွက်လာပြီ ဆိုတော့ ပြောစရာ ၂ ခုပဲ ရှိတယ်။ သီးလေးသီး ကမယ့်ဟာ သဘောမတူနိုင်ဘူး။ ဘာလို့လဲဆို သီးလေးသီး ဆေးရောင်စုံ ဆိုတာ ကျနော့်နာမည် ဖြစ်တာမို့ သီး ၂ သီး ထဲ ပွဲကတာ လက်မခံနိုင်ဘူး၊ အသီး ၄ သီး စုံမှသာ လက်ခံနိုင်မယ်။ နောက်တချက်က မြပုဏ္ဏမာရင်သွေး ဆိုပြီး အသုံးပြုခွင့် မရှိဘူး၊ မြပုဏ္ဏမာ ဆိုတာ ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊ ဂေါ်ဇီလာရယ် မင်းသမီးဝင့်သိင်္ဂီ စုံမှသာ ကခွင့်ပြုမယ်”

“အစိုးရအသစ် ဆီးကြိုတဲ့ လူတွေရဲ့ သဘောနဲ့ သော်လည်းကောင်း၊ ဂေါ်ဇီလာ သဘောနဲ့ သော်လည်းကောင်း အဲဒီနာမည်နဲ့ ခွင့်မပြုနိုင်ဘူး။ အခု လေယာဉ်ပျံ ကွင်းဆင်းနေပြီ၊ လေယာဉ်ပေါ်က ဆင်းတာနဲ့ တပြိုင်နက် အဲဒီပွဲကို အဓိက သွားတားမယ်”

ကိုဇာဂနာဟာ လောလောဆယ် ဘာဆက်လုပ်မယ်ဆိုတာ ယတိပြတ် မပြောနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်ရောက်တာနဲ့ တွေ့ဖို့ ရှိတဲ့အကြောင်း၊ အဲဒီအခါ သူ ဘာလုပ်ရမယ်ဆိုတာ အဖြေပေါ် လာမယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ကိုဇာဂနာအပေါ် ချစ်ခင်လေးစားတဲ့ ပြည်သူတွေ နိုင်ငံရေး သမားတွေကို ဘာပြောချင်လဲလို့ မေးကြည့်ပါတယ်။

“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-17 02:59

ဖြတ်ထိုးဥာဏက်အလွန်ကောင်းတဲ.ျိသူတစ်ယောက်လွတ်လာတာဟာ အဟုတ်တာလုပ်မဲ.သူတွေတော့သတိတားကြပေါ့ဗျာ