KNC ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ ပြန်လွတ်လာ
2023.01.04

ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လဟာ ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ မြစ်ကြီးနားမြို့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။
"အိမ်ကိုပြန်ရောက်နေပြီ။ လတ်တလော ကျန်းမာရေးကတော့ ကောင်းပါတယ်။ ကျန်းကျန်းမာမာရှိတယ်။ ပြစ်ဒဏ်ရက်စေ့လို့လွတ်တာ မဟုတ်ဘဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တာပါ"
ဒေါက်တာအမ်ကောန်လဟာ လွတ်ရက်စေ့ဖို့ နှစ်နှစ်နီးပါး ကျန်နေသေးပေမဲ့ ဒီကနေ့ လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်ပေးလိုက်တဲ့ လူ ၇ဝဝဝ ကျော်ထဲ ပါဝင်လာတာပါ။
အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်း တရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းတွေအကြောင်း လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် ၂ဝ၂၁ ခုနှစ် ဩဂုတ်လက နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက် ပုဒ်မ ၅ဝ၅ (က)နဲ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးကနေ ထောင်ဒဏ် နှစ်နှစ် ချမှတ်တာခံခဲ့ရပြီး အလားတူပုဒ်မနဲ့ပဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး သန်းထိုက်အောင်ရဲ့ ထပ်မံအမှုဖွင့်တာခံခဲ့ရသူပါ။
ဒုဗိုလ်မှူးကြီး သန်းထိုက်အောင်ဖွင့်တဲ့ အမှုရင်ဆိုင်ဖို့ နေပြည်တော်ကနေ မြစ်ကြီးနားကို ထောင်ပြောင်းခံခဲ့ရပေမဲ့ အဲဒီအမှုဟာ မထမြောက်တဲ့အတွက် ထောင်ဒဏ် ၂ နှစ်ပဲ ကျခံခဲ့ရတာဖြစ်ပါတယ်။
ဒီကနေ့ မြစ်ကြီးနားထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာသူ ၁ဝဝ ကျော်ထဲမှာ ဒေါက်တာအမ်ကောန်လ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅ ဦးပဲ ပါဝင်ပါတယ်။