အကျဉ်းသားတွေလွှတ်ပေမယ့် မြန်မာ့အခြေအနေ ဆိုးနေဆဲပဲလို့ ဘလင်ကန် ပြော

2022.11.17
အကျဉ်းသားတွေလွှတ်ပေမယ့် မြန်မာ့အခြေအနေ ဆိုးနေဆဲပဲလို့ ဘလင်ကန် ပြော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို တွေ့ရစဉ်။
Photo : AFP

APEC ခေါ် အာရှ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အန်တိုနီ ဘလင်ကန် က မြန်မာနိုင်ငံမှာ အမေရိကန်တစ်ဦးအပါအဝင် တရားဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အကျဉ်းသားတချို့ လွတ်မြောက်လာတဲ့အတွက် ဝမ်းသာကြောင်း ပြောကြားရင်း တစ်ဆက်တည်းမှာပဲ စစ်ကောင်စီက လူမဆန်ရက်စက်မှုတွေ အဆက်မပြတ် ကျူးလွန်နေပုံကို နိုဝင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီကျင်းပတဲ့ ဘန်ကောက်မြို့က သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ထောက်ပြသွားပါတယ်။

ဝန်ကြီး ဘလင်ကန် က နိုဝင်ဘာ ၁၇ ရက်နေ့က လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦးဟာ ၁၄ လကြာ တရားဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ် ဗိုင်ဒါ Thomas Vajda က ကိုကျော်ဌေးဦးကို အမေရိကန်ပြည်ထောင်စုရှိ သူ့မိသားစုနဲ့ ဆုံစည်းဖို့ မပြန်ခင်မှာတွေ့ဆုံခဲ့ကြောင်း၊ လွတ်လာသူတွေထဲမှာ ဗြိတိန်၊ ဂျပန်နဲ့ သြစတေးလျ နိုင်ငံသားတွေလည်းပါဝင်ကြောင်း၊ အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စစ်ကောင်စီကို ဝိုင်းဝန်းဖိအားပေးခဲ့ကြတဲ့ မိမိတို့ရဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်တွေမှာ မတရားဖမ်းဆီးခံနေရတဲ့ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေးဟာ မိမိရဲ့ ထိပ်ဆုံးဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အခုလို လွှတ်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ရည်ရွယ်ချက်ကို ဒီထက်ပိုပြီး ပြောဖို့တော့ စောသေးကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မြန်မာပြည်ရဲ့ အခြေအနေတွေဟာ ဆိုးဝါးနေရာကနေ အဆိုးဝါးဆုံးကို ရောက်ရှိနေပါတယ်၊ ကလေးသူငယ်တွေရဲ့စာသင်ကျောင်းနဲ့ ငြိမ်းချမ်းစွာစုဝေးသူတွေကို လေကြောင်းက တိုက်ခိုက်မှု၊ အကျဉ်းသားတွေကို အကျဉ်းရုံးသေဒဏ်ပေး ကွပ်မျက်မှုတွေ ကျူးလွန်နေသလို ဒီမိုကရေစီအစိုးရခေါင်းဆောင်တွေအပါအဝင် မြန်မာနိုင်ငံသား အများအပြား ဆက်လက် ဖမ်းဆီးခံနေရပါတယ်။

စစ်ကောင်စီဟာ အာဆီယံကချမှတ်ခဲ့တဲ့ သဘောတူညီချက် ငါးချက်အပါအဝင် ပြောင်းလဲရေးလုပ်ဆောင်မှုတွေကို လိုက်နာလုပ်ဆောင်တဲ့ သက်သေအထောက်အထားလည်း တစ်စုံတစ်ရာမှ မတွေ့ရပါဘူး၊ ဒါကြောင့် အပြစ်မဲ့ဖမ်းဆီးခံနေရသူတွေကို လွှတ်ပေးမှုအတွက် ဝမ်းသာရပေမယ့် စစ်မှန်တဲ့အပြောင်းအလဲကို ဦးတည်နေတယ်လို့တော့ မိမိအနေနဲ့ မပြောနိုင်ပါဘူး၊ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။