တိုင်းရင်းသား လူငယ်နှစ်ဦး ကနေဒါ အစိုးရနဲ့ တွေ့ဆုံ
2011.10.24

(Photo: Free Burma Rangers)
မြန်မာပြည်မှာ သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပေမဲ့ အထွေထွေ လူ့အခွင့်အရေး အခြေအနေ တွေက တိုးတက် ပြောင်းလဲမှု မရှိသေးတဲ့ အပြင်၊ ကချင်၊ ရှမ်းနဲ့ ကရင်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ပြေး ဒုက္ခသည် အများအပြား တိုးပွားလာနေကြောင်း၊ နိုင်ငံရေး
အကျဉ်းသား အများအပြား ထောင်တွေထဲမှာ ရှိနေသေးတာကြောင့် ပြောင်းလဲနေပြီလို့ အပြော မစောဖို့ ကနေဒါ အစိုးရကို တင်ပြမှာ ဖြစ်တယ်လို့ တိုင်းရင်းသား လူငယ်များ အင်အားစု အထွေထွေ အတွင်းရေးမှုး ကိုအောင်နိုင်စိုး က ပြောပါတယ်။
ကနေဒါနိုင်င ံခရီးစဉ်မှာ ကိုအောင်နိုင်စိုးနဲ့အတူ မွန်လူငယ်တိုးတက်ရေးအဖွဲ့က မိအိုက်စွန်းလည်း ပါဝင် ပါတယ်။
တနင်္လာနေ့က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Parliamentary Friends of Burma (PFOB) ဥက္ကဋ္ဌ ကနေဒါ လွှတ်တော်အမတ် Jim Jerygennis အပါအဝင် လေဘာပါတီ ခေါင်းဆောင်တွေ၊
လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အင်္ဂါနေ့မှာ ကနေဒါ နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ ရှိပါတယ်။
တိုင်းရင်းသား လူငယ် ခေါင်းဆောင်တွေရဲ့ ခရီးစဉ်ကို ကနေဒါ အခြေစိုက် NGO အဖွဲ့တွေဖြစ်တဲ့ ကနေဒါ မိတ်ဆွေများ အဖွဲ့ CFOB/ CUPE နဲ့ CUSO-VSO သုံးဖွဲ့ ပူးပေါင်း စီစဉ်ခဲ့တာလို့ သိရပါတယ်။