မန္တလေးမှာ အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံရပြီး ပျောက်နေ
မန္တလေး မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအနီးက ရွှေဆိုင်မှာအလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် မနေခြည်ရွှန်းလဲ့ထွန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီ က လာရောက်ဖမ်းဆီးသွားပြီးနောက် အဆက်သွယ်ပြတ်တောက်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မနေခြည်ရွှန်းလဲ့ထွန်းဟာ ရွှေဆိုင်မှာ ဖမ်းဆီးခံရချိန်ကပင် ဒီနေ့အချိန်ထိ ဘယ်မှာထိန်း သိမ်းခံထားရတယ်ဆိုတာ မသိရတာကြောင့် မိသားစုက စိတ်ပူနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။
“မနေခြည်ရဲ့ အစ်ကိုဖြစ်သူကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံလိုက်ရတယ်။ အဲဒါနဲ့ဆက်စပ်လို့ ဖမ်းတာလားဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ မနေခြည်က ဖုန်းတောင် မသုံးတဲ့အထိ အနေအေးတယ်။ သူ့အစ်ကိုကလည်း မိသားစုက အမွေပြတ်စွန့်လွှတ် ထားတာ။ မနေခြည် အဖမ်းခံရပြီးနောက်ရက် ဆိုင်ရှင်ကိုလည်း ခေါ်သွားတယ်။ နောက်ရက်ကျ ဆိုင်ရှင်ကို ပြန်လွှတ်ပေးလိုက်တယ်။ မနေခြည်ကတော့ အဆက်သွယ် မရဖြစ်နေတော့ စိတ်ပူနေကြတာပေါ့“
မိသားစုထဲက သားနဲ့သမီးဖြစ်သူ နှစ်ယောက်လုံး ဖမ်းဆီးခံထားရတဲ့အတွက် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးလည်း ထိခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အခုလဆန်းပိုင်းကစတင်ပြီး မန္တလေးမြို့ပေါ်ရပ်ကွက်တွေကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ နေ့စဉ်နီးပါးလုပ်ဆောင်နေပြီး ဒီနေ့မှာဆိုရင်လည်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။