တပ်ချုပ်ကို ဘွဲ့ပေးဂုဏ်ပြုဖို့ YMBA စီစဉ်နေ


2019.10.02
minaunghlaing-shah-zafar-622.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ ဒဂုံမြို့နယ်က ဇဖရ်ရှားဒရ်ဂူဗိမာန်ကို ၂၀၁၉ စက်တင်ဘာ ၁၇ ရက်နေ့က သွားရောက်ခဲ့စဉ်
Photo: Kyaw Lwin Oo/RFA

ဘာသာ သာသနာထွန်းကောင်းအောင် ဆောင်ရွက်ပေးတဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ပေးအပ်ချီးမြှင့်ဖို့ စီစဉ်ရတာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတည်ဖြစ်တာနဲ့ ထုတ်ပြန်ကြေညာပေးမယ်လို့ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA) ဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ရ ဦးစိန်သန်းက  RFA ကို ဒီကနေ့ ပြောပါတယ်။

"ဟုတ်ကဲ့ ကျွန်တော်တို့က အစည်းအဝေးမှာ ကျွန်တော်တို့ တင်ထားပါတယ်ခင်ဗျ ကျွန်တော်တို့အတွင်းမှာလေ၊ အစည်းအဝေးက ဆုံးဖြတ်ချက်မထွက်မသေးပါဘူးခင်ဗျ၊ ကျွန်တော်တို့က ပေးမယ်ဆိုပြီးဆုံးဖြတ်ပြီးတော့ တင်ထားတာပဲရှိပါသေးတယ်၊ ကျွန်တော်တို့ဘက်က ဘာမှလုပ်လို့မရသေးပါဘူး၊ ကျွန်တော်တို့ ကြေညာပေး ပါ့မယ်၊ ပေးမှာက ကျွန်တော်တို့ဆီမှာ မင်္ဂလာနဲ့ပတ်သက်တဲ့ မဟာမင်္ဂလဓမ္မဇောတိကဓဇ ၊ ၁၉၉၉ ခုနှစ်ကတည်း က ပေးလာတာ အခုဆိုရင် လူပေါင်း ၇၀ ကျော်သွားပါပြီခင်ဗျ၊ သီတဂူဆရာတော်ကြီးတို့ အားလုံးတော်တော် များများ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကို ပေးတာပါခင်ဗျ၊ ကျွန်တော်တို့က ဒီသီတင်းကျွတ်ပြီးလောက်ဆိုရင်တော့ သိရမှာဖြစ်ပါတယ်"

ဘာသာ သာသနာထွန်းကားအောင် ဆောင်ရွက်ပေးတဲ့ လူပုဂ္ဂိုလ်နှင့် သံဃာတော်တွေကို ရွေးချယ် ပေးအပ် တာဖြစ်ပြီး အခု ကာကွယ်ရေးဦးစီးချုပ်ကိုပေးဖို့အတွက် တပ်မတော်ဘက်ကိုတော့ အကြောင်းမကြားရသေးဘူးလို့ ဦးစိန်သန်းက ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မြန်မာ့တပ်မတော်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးဖိနှိပ်မှု ကျုးလွန်တဲ့ကိစ္စတွေအပေါ် တာဝန်ရှိတယ်ဆိုပြီး နိုင်ငံတကာရဲ့ဖိအားတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ YMBA က အခုလိုဘွဲ့မျိုး ပေးအပ်ဖို့စီစဉ်တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

"ဘာကြောင့်ဒီဘွဲ့ကို ပေးမှာလဲပေါ့၊ ဒီဘွဲ့ပေးလိုက်တဲ့အတွက်ကြောင့်မို့ ဘယ်လောက်အတိုင်းအတာထိ တို့တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပေါ့၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားပေါ့၊ နောက်တစ်ခုက ဒီတိုင်းပြည်မှာ မှီတင်းနေထိုင်နေကြတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကြားပေါ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဘယ်လောက်တွန်းအားဖြစ်မလဲပေါ့၊ ဘယ်လောက် အထောက်အတူဖြစ်မလဲပေါ့၊ ပေးတဲ့အဖွဲ့အစည်းနဲ့ ပေးတဲ့ဘွဲ့အပေါ်မှာတော့ ဒီလိုမျိုးလုပ်လို့ ပေးတယ်ဆိုတာတော့  သူချဉ်းကပ်တာကို အကိုတို့မြင်တဲ့အမြင် ကတော့ ဆန့်ကျင်ဘက်ဖြစ်သွားပြီလေ၊ အကိုတို့အမြင်ကတော့ နိုင်ငံရေးအကျိုးစီးပွားအတွက် နိုင်ငံရေးအကျိုး အမြတ်အတွက် ချဉ်းကပ်နေတယ်လို့ အကိုတို့ကတော့ ရှုမြင်သုံးသပ်တယ်၊ ဒါကတော့ ကာဗာတစ်ခုအနေနဲ့ပေါ့၊ ရီကာဗာဖြစ်အောင် လိုက်လုပ်တဲ့သဘောမျိုးပေါ့၊ ပြည်တွင်းမှာ ထောက်ခံမှုတွေက လူမျိုးပေါင်းစုံ ဘာသာပေါင်း စုံကနေပြီးတော့ ထောက်ခံနေပါတယ်ဆိုတဲ့ ပြယုဂ်ကို ပြသချင်တဲ့ လုပ်ရပ်တွေပေါ့၊ ဆောင်ရွက်ချက်တွေပေါ့၊ အခုလိုမျိုးရွေးချယ်ပြီး ဘွဲ့ပေးတာတွေ၊ ဒါကတော့ သက်ဆိုင်တဲ့လူပုဂ္ဂိုလ် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ သူတို့ရဲ့ ရွေးချယ်မှုပဲဖြစ်တယ်လို့ပဲ အကိုတို့ကတော့ ဒီလိုပဲမှတ်ချက်ပြုချင်တယ်"

အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ပြောသွားတာပါ။

မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ကို ၁၉၉၉ ခုနှစ်ကတည်းက ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ အပါအဝင် သံဃာတော်နဲ့လူပုဂ္ဂိုလ် ၇၀ ကျော်ကို ပေးအပ်ချီးမြှင့်ပြီးဖြစ် ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လကလည်း YMBA အနေနဲ့ ဒီဘွဲ့ကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို ပေးအပ်ချီးမြှင့်ခဲ့ပါသေးတယ်။

ခရစ်ယာန်ဘာသာရေး ဆရာတော်တစ်ပါးဖြစ်တဲ့ ဖာသာဒေါမနစ်ကတော့ ဘွဲ့ပေးတာ မပေးတာထက် ဘယ်သူပဲဖြစ်ဖြစ် အားလုံးနဲ့ ချစ်ချစ်ခင်ခင် နေထိုင်သွားမယ်ဆိုရင်တော့ မြင့်မြတ်တဲ့အလုပ်ပဲလို့ RFA ကိုပြောပါတယ်။

"ဖာသာရဲ့ပုဂ္ဂိုလ်ရေးအမြင်အရတော့ ဘွဲ့တွေဘာတွေထက် အလှူလုပ်တယ်၊ အားလုံးနဲ့ ချစ်ချစ်ခင်ခင်နေတယ် ဆိုတာက ဒါက မြင့်မြတ်တဲ့အလုပ်ပါပဲ၊ ဘယ်သူပဲမဆိုပါပဲ ဒါဟာလေ၊ အားလုံးနဲ့ သဟဇာတဖြစ်အောင် သွားတယ်လာတယ် စကားပြောတယ်၊ ပတ်ဝန်းကျင်နဲ့ နောက်ပီးတော့ လူပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ချစ်ကြည် ရင်းရင်းနှီးနှီးနဲ့နေထိုင်သွားခြင်းဟာ တကယ့်မြင့်မြတ်တဲ့အလုပ်တစ်ခုပဲလေ၊ အဲလိုပဲ ဖာသာကတော့ ခံယူတာပဲ၊ ဒါဘယ်သူမဆိုပါပဲ၊ ဒါဟာ လုပ်တဲ့အလုပ်တိုင်း ကောင်းတယ်ဆိုရင် ဒါမြင့်မြတ်တာပဲလေနော်"

အခုလိုဘွဲ့ပေးဖို့ စီစဉ်နေတဲ့အပေါ် တပ်မတော်ရဲ့ သဘောထားကိုသိရဖို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ သူ့အနေနဲ့ မသိသေးကြောင်းသာ RFA ကို ပြောပါတယ်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကို ၁၉ဝ၆ ခုနှစ်ကတည်းက ထူထောင်ခဲ့တာဖြစ်ပြီး အရင် ကနိုင်ငံရေးကိစ္စတွေလုပ်ဆောင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ဆိုင် တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။