ယင်းမာပင်မှာ စစ်ကြောင်းထိုးလို့ ထွက်ပြေးရသူ တစ်သောင်းခြောက်ထောင်ကျော်ထိရှိလာ

RFA Burmese
2023.01.26
ယင်းမာပင်မှာ စစ်ကြောင်းထိုးလို့ ထွက်ပြေးရသူ တစ်သောင်းခြောက်ထောင်ကျော်ထိရှိလာ စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးနေရသည့် ယင်းမာပင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ငါးရက်အတွင်း ရွာပေါင်း ၁၇ ရွာက ဒေသခံ တစ်သောင်းခြောက်ထောင်ကျော်ထိ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေး ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အင်းဘက်၊ ကြက်လျှာ၊ ကျောက်ကုန်း၊ နှောပင်၊ ကျွန်းပေါ်၊ ပတိန်ပြင်၊ ကျောက်မှော်၊ ထန်းတောကြီး စတဲ့ ရွာရှစ်ရွာမှာ နေထိုင်တဲ့ အိမ်ထောင်စု ၁၂၆၃ စုက လူဦးရေ ၇၂၅၀ ဦးက ဇန်နဝါရီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့ စစ်ကြောင်းထိုးလာကတည်းက ထွက်ပြေး ခဲ့ရတာပါ။

မြရိပ်၊ ရေကြည်ပင်၊ စည်လောင်၊ ဆည်ကြီး၊ ရွှေပေကုန်း၊ ကျေးစာကျ၊ ရွှေပန်းခိုင်၊ သဲတောကြီးနဲ့ တယ်ပင်ကန် စတဲ့ ရွာ ကိုးရွာကမှာ နေထိုင်တဲ့ အိမ်ထောင်စု ၂၀၀၈ စုက လူဦးရေ ၈၉၀၅ ဦးကတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ဇန်နဝါရီလ ၂၆ ရက်နေ့ထိ စစ်ကြောင်းထိုးစဉ် ထွက်ပြေးခဲ့ရပါတယ်။

လက်ရှိအချိန်မှာလည်း အင်အား ၁၀၀ လောက်နဲ့ ရွာတွေကို စစ်ကြောင်းထိုးနေပြီး နောက်ထပ်အင်အား ၁၀၀ လောက်ကတော့ ကျောက်မှော်ရွာမှာ အထိုင်ချထားတာကြောင့် ထွက်ပြေးနေရသူတွေအားလုံး နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုထိ ဘယ်သူမှ ရွာကိုပြန်ကပ်လို့မရသေးဘူး။ ဒီဘက်က မြရိပ်ဘက်က စစ်ကြောင်းကလည်း အခုဆိုရင် အောင်ချမ်းသာထဲမွှေပြီးတော့ စည်လောင်ဘက်ကို လက်နက်ကြီးနဲ့ပစ်နေပြီ။ အဲဒီနားတစ်ဝိုက်က ရွာတွေလည်း မပြန်ရသေးဘူး”

ဒေသခံတွေက စစ်ကြောင်းနဲ့ဝေးတဲ့ ရွာတွေနဲ့ တောတောင်တွေထဲမှာ ပုန်းအောင်းနေရပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်လို့ သူက ဆိုပါတယ်။

ယင်းမာပင်မြို့နယ်ထဲကို စစ်ကြောင်းထိုးစဉ် ဇန်နဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ကျောက်မှော်ရွာက ခုနစ်အိမ်၊ ကျောက်ကုန်းရွာက ၁၃ အိမ်၊ ကျွန်းပေါ်ရွာက ၁၀ အိမ်၊ နှောပင်ရွာက ၁၂ အိမ်၊ ကြက်လျှာ ရွာက ၁၀အိမ်၊ အင်းဘက် ရွာက ၄၆ အိမ်နဲ့ ပတိန်ပြင်ရွာက နေအိမ် ကိုးအိမ်၊ ဓမ္မာရုံတစ်ခု၊ လူမှုကယ်ဆယ်ရေးကားနှစ်စီး တို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ စစ်ကိုင်းတိုင်းအတွင်း လတ်တလောဖြစ်ပျက်နေတဲ့ လုံခြုံရေးအခြေအနေတွေကို မသိသေးဘူးလို့ RFA ကို ပြောပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ဇန်နဝါရီလ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ အာဏာ သိမ်း နှစ်နှစ်နီးပါးအတွင်း နေအိမ်၊ အဆောက်အအုံ ၄၃,၂၁၆ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရ ပါတယ်။

ဒီ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခ တွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ၆၂၄,၀၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။