စစ်ကြောင်းထိုးလို့ ယင်းမာပင်က အရပ်သားတစ်သောင်းနီးပါး ထွက်ပြေးနေရ
2024.03.23

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က မတ်လ ၂၂ ရက်ကစလို့ နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ကျေးရွာ ၁၄ ရွာက အရပ်သားတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အင်အား ၁၅၀ ဝန်းကျင်က စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီစစ်ကြောင်းဟာ မုံရွာ-ပုသိမ်လမ်းကို မိုင်းရှင်းလင်းရေးလုပ်ပြီး ရွာတွေကိုဝင်ရောက်စီးနင်းနေတာလို့ ယင်းမာပင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မနေ့က ရွှေတောင်ကုန်းကနေ ဆင်းလာတဲ့စစ်ကြောင်းက မုံရွာ-ပုသိမ် လမ်းပိုင်းကို ချင်းတွင်းတံတားကနေ ဝမ်ပေါင်ကုမ္ပဏီနားအထိ မိုင်းရှင်းလင်းရေးလုပ်တယ်။ ပြီးတော့ ပြန်ခေါက်ပြီး အုံတုံပင်ရွာဘုန်းကြီးကျောင်းမှာ မနေ့ည အခြေချတယ်။ အဲဒီမှာအခြေပြုပြီး ရွာတွေကို ဝင်မွေတော့တာပဲ”
ဒါကြောင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
စစ်ကြောင်းထိုးမှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးပါဘူး။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFAက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ လူဦးရေ နှစ် ဒသမ ခုနစ်သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။