ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိ

မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မယ့် ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝပ် ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

2011.09.25
thai-yingluck-305 ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ်။
AFP

ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

“မြန်မာနိုင်ငံမှာ ဒေါ်စုနဲ့လည်း တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ သိရတယ်။ နေ့ရက်တွေ အချိန်တွေတော့ အခုချိန်အထိ မသိသေးပါဘူး”

မစ္စယင်လပ်ဟာ ထိုင်းဝန်ကြီးချုပ် တာဝန်ကို စတင်ထမ်းဆောင်ပြီးနောက် လုပ်ငန်းသဘော အစဉ်အလာအရ မိတ်ဆက်တဲ့အနေနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေကို သွားရောက်ပြီး နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မစ္စယင်လပ်ဟာ မကြာသေးခင်ကပဲ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား စတဲ့ အာစီယံနိုင်ငံ တချို့ကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ယင်လပ်ဟာ အောက်တိုဘာ လဆန်းပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးကြလိမ့်မယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ကတော့ ကျနော်တို့က အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တော့ နှစ်ဦးနှစ်ဘက် အကျိုးရှိနိုင်မယ့် ကိစ္စတွေ၊ နှစ်ဦးနှစ်ဘက် နားလည်နိုင်မယ့်ကိစ္စတွေ ပြောကြဖို့ ရှိမှာပါ”

ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ညီမဖြစ်သူ မစ္စယင်လပ်ဟာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မလေးရှားနိုင်ငံကို ဆက်လက် ခရီးထွက်ခွာမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရ အရာရှိတွေက ပြောပါတယ်။

ဒီအတောအတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်တစင်းဟာ အခုလ ၂၂ ရက် ကြာသပတေးနေ့ မနက်ပိုင်းက နေပြည်တော် လေယာဉ်ကွင်းကို ဆင်းသက်ခဲ့ကြောင်း အစိုးရ ဝန်ကြီးတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ လောလောဆယ်အထိ အစိုးရဘက်က သတင်းထုတ်ပြန်မှု မရှိသေးသလို ဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာနိုင်ငံကို လာရောက်မှု ရှိမရှိ အပါအဝင် အသေးစိတ် အချက်အလက်တွေကို RFA က ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။