လယ်ယာသုံးစက်ကိရိယာထုတ် လုပ်ရေးစက်ရုံက အလုပ်သမားတွေ ဆန္ဒပြ
2016.08.07

ရန်ကုန်မြို့ပြည်လမ်းပေါ်က Young Investment Group(YIG) ကုမ္ပဏီဟာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို လိုက်နာမှုမရှိတဲ့အတွက် အရေးယူပေးဖို့ ကုမ္ပဏီဝန်ထမ်းတွေက ဒီနေ့ တာမွေမြို့နယ်က ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
YIG ကုမ္ပဏီဟာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး တခြားလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတာကြောင့် ကုမ္ပဏီကို ဖယ်ရှားပေးဖို့တောင်းဆို တာဖြစ်ကြောင်း YIG ကုမ္ပဏီဝန်ထမ်း ကိုအောင်ကျော်ထွန်းနိုင်ဦးက ပြောပါတယ်။
"ကုမ္ပဏီက ဒီ ၃ နှစ်တာအတွင်းမှာပေါ့နော် ကျနော်တို့ အရင်လက်ရှိအစိုးရ လုပ်နေတဲ့အတိုင်းတော့ မလုပ်ဆောင်ဘဲနဲ့ တခြားပေါ့နော် ဒီလယ်ယာအလုပ်နဲ့ မဆိုင်တဲ့လုပ်ငန်းတွေ လုပ်နေတယ်ပေါ့၊ လုပ်နေတော့ ကျနော်တို့ ဘာဖြစ်လာလဲဆိုတော့ လုပ်ငန်းခွင်မှာ အလုပ်မရှိတော့ လုပ်ငန်းခွင် မတည်မြဲမှုတွေ စတင်ဖြစ်ပေါ်လာတယ်ပေါ့၊ အလုပ်ဖြုတ်မှုတွေ ဖြစ်ပေါ်လာတယ်ပေါ့၊ အဲ့ဒီအတွက် စာချုပ်ပါအတိုင်းလုပ်ဆောင်မှ ကျနော်တို့ဟာ လုပ်ငန်းခွင်တည်မြဲမှာဖြစ်တယ်၊ အလုပ်မလုပ်တဲ့အတွက် ကျနော်တို့ဟာ မလိုအပ်တဲ့လူက ဖြုတ်လိုက်တယ်ပေါ့နော်၊ အဲ့အတွက် ကျနော်တို့က စာချုပ်ပါအတိုင်း လုပ်ဆောင်ပေး၊ မလုပ်ဆောင်ရင်လည်း နောက်ထပ်ကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးပေါ့၊ ဒီကုမ္ပဏီကို ဖယ်ရှားပေးဖို့ ကျနော်တို့က တောင်းဆိုတယ်"
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင် လယ်ယာသုံးစက်ကရိယာ ထုတ်လုပ်ရေးစက်ရုံနဲ့ အလုပ်သမားတွေကို ၂၀၁၃ ခုနှစ် ဧပြီလကစပြီး YIG ကုမ္ပဏီက အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။
အဲ့ဒီစာချုပ်မှာ YIG ကုမ္ပဏီအနေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေကိုသာ အဓိကထုတ်လုပ်ဖို့ဆိုတဲ့ အချက်ပါရှိပြီး ယခုအချိန်မှာ ဆက်သွယ်ရေးလုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေကိုလုပ်ကိုင်နေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အဲ့ဒီနောက် အရင်က လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေး လုပ်သားတွေကို ပိုလျံဝန်ထမ်းတွေ အဖြစ်သတ်မှတ်ပြီး လက်ရှိလုပ်ငန်းနဲ့ ကျွမ်းကျင်မှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ် တာတွေ မူလဝန်ကြီးဌာနကို ပြန်လည်ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။
အလုပ်သမားတွေက အလုပ်ရှင်ကို အရေးယူပေးဖို့အပြင် စာချုပ်ဖောက်ဖျက်တဲ့ အလုပ်ရှင်ကို အရေးမယူတဲ့ ဝန်ကြီးဌာနကိုလည်း စိစစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ လှိုင်သာယာမြို့နယ်က ဆာကူရာ အထည်ချုပ်စက်ရုံ၊ ငွေခြင်္သေ့ ပလပ်စတစ်စက်ရုံ တိုကျိုပိုက်စက်ရုံနဲ့ ပရီမီးယာကော်ဖီမစ်စက်ရုံတွေက အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။