မှုခင်းကျဆင်းရေးမှာ ထွေအုပ် ပူးပေါင်းပါဝင်မှု အားနည်း
2018.01.27

ရန်ကုန်တိုင်းအတွင်း မှုခင်းကျဆင်းရေး ဆောင်ရွက်ရာမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းတယ်လို့ မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပွဲမှာ တိုင်းရဲတပ်ဖွဲ့ဘက်က ဆွေးနွေးခဲ့ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးပိုင်း ခရိုင်အုပ်ချုပ်ရေးပိုင်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကို ရဲမှူးချုပ် ဝင်းနိုင်က ထောက်ပြဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
"မြို့နယ်အုပ်ချုပ်ရေးပိုင်း ခရိုင်အုပ်ချုပ်ရေးပိုင်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကို ရဲမှူးချုပ်က ထောက်ပြဆွေးနွေးတာပါ၊ အဲဒါကိုလည်း ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက သဘောတူခဲ့ပါတယ်။ ဒီအုပ်ချုပ်ရေးပိုင်းတွေအနေနဲ့ သီးသန့်နေနေတဲ့အပေါ်မှာ အုပ်ချုပ်ရေးပိုင်းမှာလည်း တာဝန်ရှိပါလားဆိုတာကို သိရှိဖို့လိုတယ်ဆိုတာကို လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ပါတယ်"
ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့ ၂၀၁၈ ခုနှစ် မှုခင်းကျဆင်းရေးလုပ်ငန်းတွေကို လင်းယုန်စီမံချက်နဲ့ စတင် လုပ်ဆောင်နေပြီး လုံခြုံရေးလှည့်ကင်းတွေကို အလှည့်ကျဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်မှာ မှုခင်းအရေအတွက် တိုးမြင့်လာပြီး အထူးသဖြင့် မုဒိန်းမှု အရေအတွက် ပိုမိုများပြားလာတယ်လို့ ပြောပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၂၀၁၆ ခုနှစ်မှာ မုဒိန်းမှုပေါင်း ၆၇၁ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၇၅၃ မှု ဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားမှု အများဆုံးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။