စီးပွားရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ငွေတောင်းသူ နှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

RFA Burmese
2024.10.21
စီးပွားရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ငွေတောင်းသူ နှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး စီးပွားရေးလုပ်ငန်းရှင်များအား ခြိမ်းခြောက်‌ငွေကြေးတောင်းခံသူ နှစ်ဦးထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းတချို့အား စစ်ကောင်စီက ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Photo: Myanmar Military

စီးပွားရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်‌ပြီး ငွေကြေးတောင်းခံသူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပြင်ကျေးရွာမှာ နေထိုင်နေတဲ့ ဦးကျော်ခိုင်ဦးနဲ့ မအေးအေးဝင်းတို့ကိုဟာ စီးပွားရေးလုပ်ငန်းရှင်တွေထံနေ ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း သတင်းရတာကြောင့် အောက်တိုဘာ ၂၀ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အကြမ်းဖက်ဖောက်ခွဲရေးအဖွဲ့ကဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေကြေးတောင်းခံစာနဲ့ ကျည်ဆန်တွေ ပေးပို့ပြီး ခြိမ်းခြောက်တောင်းခံခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ငွေကြေးတောင်းခံတာကို တပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ တခြားအဖွဲ့အစည်းတွေကို တိုင်ကြားရင် သတ်ဖြတ်ခံရမယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ကိုင်နေတဲ့ လားရှိုးမြို့က လေးဦး၊ သီပေါမြို့က တစ်ဦး၊ မူဆယ်မြို့က ငါးဦး၊ နမ့်ခမ်းမြို့က နှစ်ဦး၊ တောင်ကြီးမြို့က တစ်ဦး၊ လွိုင်ကော်မြို့က တစ်ဦး၊ ပြင်ဦးလွင်မြို့က လေးဦး၊ နောင်ချိုမြို့က တစ်ဦး၊ မန္တလေးမြို့က ရှစ်ဦးအပါအဝင် စုစုပေါင်း စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦးထံကနေ ငွေကျပ်သိန်းပေါင်း နှစ်ထောင့်နှစ်ရာကျော် (၂၂၁၃ သိန်း) ကို ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း ဖမ်းဆီးရမိသူတွေက ထွက်ဆိုခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ခြိမ်းခြောက်ငွေကြေးတောင်းခံရတာတွေကို အလွယ်တကူမယုံကြည်ကြဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေရဲ့ သတင်းကိုရရှိရင် သက်ဆိုင်ရာကို လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားဖို့လည်း စစ်ကောင်စီက မေတ္တာရပ်ခံထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) အဖွဲ့ဝင်တွေ အယောင်ဆောင်ပြီး မန္တလေး၊ တောင်ကြီးနဲ့ မူဆယ်မြို့တွေက စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ လိမ်လည်ငွေကြေးတောင်းခံတာတွေရှိနေကြောင်း MNDAA အဖွဲ့က စက်တင်ဘာ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

MNDAA အဖွဲ့အနေနဲ့ မန္တလေးမြို့တွင်း ငွေကြေးတောင်းခံတာတွေမရှိကြောင်းနဲ့ အဲဒီလိုတောင်းခံသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။