မှုခင်းများနည်းပါးအောင် မဖြစ်မနေ လုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်း


2016.08.17
pyithu-hluttaw-620.jpg ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပနေစဉ်
Photo: Win Naung Toe/ RFA

မှုခင်းဖြစ်ပွားမှုနှုန်းမြင့်မားနေတာဟာ ဒီမိုကရေစီစနစ်ကိုသွားနေတဲ့ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်စေ တဲ့အတွက် မှုခင်းဖြစ်ပွားမှုနည်းအောင် မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန်းဦးလွင် က ဆွေးနွေးခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေးကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် ၈ ဦးက ထောက်ခံဆွေးနွေးရာမှာ ဒုတိယဗိုလ်မှူးကြီး သန်းဦးလွင် က တင်ပြခဲ့တာဖြစ်ပါတယ်။

"မိမိတို့ သတင်းစာများ ဂျာနယ်များ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာများတွင် မှုခင်းဖြစ်ပွားမှုများကို မြင်တွေ့ ကြားသိပြီး  ဖြစ်ပွားနေတဲ့အမှုများကလည်း ထူးခြားဆန်းပြားစွာ ဖြစ်ပွားလျှက်ရှိပါတယ်၊ ထိုသို့ မှုခင်းများဖြစ် ပွားမှုနှုန်း များပြားလာခြင်းသည် ဒီမိုကရေစီထွန်းသစ်စ ကျနော်တို့ အမိနိုင်ငံတော်ကြီးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်ဆိုလျှင် မှားမည်မထင်ပါ၊ အကြမ်းဖက်မှုများ အပါအဝင် အမျိုးမျိုးသောမှုခင်း များကြောင့် နိုင်ငံသူနိုင်ငံသားများရဲ့ အသက်အိုးအိမ်များ ဆုံးရှုံးရခြင်းသာမက ၎င်းတို့ရဲ့စိတ်နှလုံးကိုလည်း ဒဏ်ရာများစွာရစေပါတယ်"

မှုခင်းဖြစ်ပွားမှု အများဆုံးနေရာတွေက ရန်ကုန်၊ ဧရာဝတီ နဲ့ စစ်ကိုင်းတိုင်းတို့ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က တင်ပြခဲ့ပါတယ်။

"မှုခင်းအများဆုံးဖြစ်ပွားတဲ့ တိုင်းဒေသကြီး ပြည်နယ်များကို ဖြစ်စဉ်ဖြစ်ရပ်များအပေါ် လေ့လာသုံးသပ်တဲ့အခါမှာ ပထမအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ၃၄၅ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ ၂၉၆ မှုနဲ့ ဒုတိယအများဆုံးဖြစ်ပွားခဲ့ပါတယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၂၆ မှုနဲ့ တတိယအများဆုံး ဖြစ်ပွားခဲ့ပြီး လက်ရှိ ၂ဝ၁၆ ခုနှစ် မေလအထိကာလမှာလည်း တင်ပြခဲ့တဲ့ တိုင်းဒေသကြီးများဟာ အမှုဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်၊ မှုခင်းဖြစ်ပွားမှုတွေဟာ တိုင်းဒေသကြီးများမှာ လူဦးရေသိပ်သည်းပြီး ရဲတပ်ဖွဲ့ဝင် အင်အားနည်းပါးမှုဟာ မှုခင်းဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းထဲမှာ အချက်တစ်ချက်အဖြစ်ပါဝင်ကြောင်း စုစည်းတွေ့ရှိရပါတယ်"

ပြည်ထဲရေးဝန်ကြီးဌာနကလည်း မှုခင်းကျဆင်းရေးအတွက် ကိုင်တွယ်ကျင့်သုံးနေတဲ့ ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက် တာ ဖျက်သိမ်းတာနဲ့ အသစ်ရေးဆွဲတာတွေ လုပ်ဆောင်နေသလို ရဲတပ်ဖွဲ့ဝင်အင်အားကို တိုးချဲ့သွားမှာဖြစ်ကြောင်း လည်း ဒုတိယဝန်ကြီးက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့အင်အား ၇ သောင်းခွဲကျော်ရှိပါတယ်။

ရဲတပ်ဖွဲ့ဝင်အင်အား လုံလောက်မှုမရှိတဲ့အတွက် မှုခင်းကျဆင်ရေးလုပ်ငန်း ထိရောက်မှုမရှိကြောင်းနဲ့ အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြဆွေးနွေးကြပါတယ်။

ပန်းတောင်းမဲဆန္ဒနယ်က ဒေါ်ခင်နှင်းသစ် တင်သွင်းထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေးကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ဖို့ အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးပြီးနောက် လွှတ်တော်မှာ မှတ်တမ်းတင်စောင့်ကြည့်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။