ရိုဟင်ဂျာစခန်းတွေမှာ လူဆိုးဂိုဏ်းတွေသောင်းကျန်း
2018.08.17

ဘင်္ဂလားဒေ့ရ်ှက ကော့ဆက်ဘဇား ရိုဟင်ဂျာစခန်းတွေ တဝိုက်မှာ လူဆိုးဂိုဏ်းတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူတွေ ရှိနေကြောင်း သြဂုတ်လ ၁၇ ရက်နေ့ AFP သတင်းမှာ ဖော်ပြလိုက်ပါတယ်။
အသတ်ခံရသူတွေထဲမှာ လူအများ လေးစားကြည်ညိုခံရသူ ခေါင်းဆောင် ၃ ဦးပါသလို ငယ်ရွယ်သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။
လူဦးရေ တသိန်းကျော်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လုံခြုံရေးချထားတဲ့ ရဲတပ်ဖွဲ့အင်အားဟာ တထောင်လောက်သာရှိတာကြောင့် နှစ်ဆတိုးချထားပေးဖို့ စခန်းတာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရ်ှအစိုးရထံ တောင်းဆိုထားပါတယ်။
အဲဒီလူဆိုးဂိုဏ်းတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အမျိုးသမီးငယ်တွေကို ရောင်းစားတာ၊ လူကုန်ကူးတာတွေလည်း လုပ်တယ်လို့ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှုတွေနဲ့ ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့က ဖမ်းဆီးထားတာ ရာဂဏန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရ်ှ ရဲလုံခြုံရေးဟာ နေ့ခင်းဘက်မှာသာရှိပြီး ညဆိုရင် မရှိတော့ကြောင်း၊ လူဆိုးဂိုဏ်းတွေ ဒုက္ခသည်စခန်းတွေထဲ ဝင်လာလို့ ဖုန်းဆက်အကြောင်းကြားတဲ့အခါ အချိန်မီ ရောက်လာတာမရှိဘဲ။ သေဆုံးသူတွေရှိပြီးမှသာ ရောက်လာတတ်တယ်လို့ ဒုက္ခသည်စခန်းတခုရဲ့ တာဝန်ရှိသူတဦးက AFP သတင်းအေဂျင်စီကို ပြောပါတယ်။