လွတ်လပ်စွာ သတင်းရယူခွင့်ရဖို့ သတင်းမီဒီယာသမားများ ဆန္ဒပြ
2014.01.07

Eleven နေ့စဉ်ထုတ်သတင်းစာရဲ့ ကယားပြည်နယ် အခြေစိုက် သတင်းထောက် မခိုင်ကို လွိုင်ကော်မြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေက သတင်းမီဒီယာ သမားတွေ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်မြို့က သတင်းမီဒီယာသမား ၂၀၀ လောက်ဟာ ရန်ကုန်မြို့ ဆူးလေဘုရားအနီးကနေ တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းမှာရှိတဲ့ Eleven မီဒီယာရုံးအထိ ချီတက်ခဲ့ကြသလို တရားစီရင်ရေး မှန်ကန်ဖို့ ၊ လွတ်လပ်စွာ သတင်းရယူခွင့်ပြုဖို့ ၊ မီဒီယာလွတ်လပ်ခွင့်ရဖို့ စတဲ့ အချက်တွေကို တောင်း ဆိုခဲ့ကြပါတယ်။
ခုလိုဆန္ဒပြပွဲ ပြုလုပ်ရတာနဲ့ပတ်သက်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မြန်မာဂျာနယ်လစ် ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က RFA ကို ခုလို ပြောပါတယ်။
“ဆန္ဒဖော်ထုတ်တဲ့ အကြောင်းရင်းကတော့ လွိုင်ကော်က သတင်းထောက် ထောင်ချခံရတယ်၊ သူသတင်းအလုပ်လုပ်နေစဉ်မှာ ရာဇဝတ်ဆိုင်ရာ ပုဒ်မသုံးခုနဲ့ စွဲခံရပြီးတော့ ထောင်ချခံရတယ်၊ အဲဒါဟာ သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်ခံရတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဆန္ဒပြရတာပါ၊ ပထမအဆင့်အနေနဲ့ ပြီးခဲ့တဲ့ ၂၁ ရက်နေ့က ကြေညာချက်ထုတ်တယ်၊ စာလည်းပို့ထားတယ်၊ ဘာမှတုန့်ပြန်မှုမလာဘူး၊ ဘာမှမလာတဲ့အတွက် နောက်တဆင့်အနေနဲ့ ဆန္ဒပြဖို့ လုပ်ဆောင်ရတာပါ”
ရန်ကုန်မြို့မှာပြုလုပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဆန္ဒပြပွဲကို ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်စတဲ့ ပုဂ္ဂိုလ်တွေကလည်း လာရောက်အားပေးခဲ့ကြသလို ရှေ့နေများကွန်ရက်၊ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှုကွန်ရက်၊ ကိုထင်ကျော် ဦးဆောင်တဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ စတဲ့ အသင်းဖွဲ့တွေကလည်း ပူးပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အလားတူ မီဒီယာလွတ်လပ်ခွင့်အတွက် မန္တလေးမြို့မှာ မြို့ခံသတင်းမီဒီယာတွေက ဒီကနေ့မှာ ဆန္ဒဖော်ထုတ်ဖို့ ပြုလုပ်ခဲ့ကြပေမယ့် ခွင့်ပြုချက်မရတာကြောင့် မန္တလေးမြို့ခံ သတင်းမီဒီယာသမားတေ ွစုပေါင်းပြီး မဟာမြတ်မုနိဘုရားမှာ မီဒီယာလွတ်လပ်ခွင့်အတွက် ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ မန္တလေးက သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုမင်းဒင်က ခုလိုပြောပါတယ်။
"ရန်ကုန်မှာဆိုရင် ဒီဆန္ဒပြခွင့်က မြို့နယ်တစ်မြို့နယ်ထဲမှာ မဟုတ်ဘူး၊ ဒီ့ပြင်မြို့နယ်တွေပါပါတယ်၊ အဲဒါကိုတောင်မှရခဲ့တယ်၊ ကျနော်တို့ဒီမှာမရဘူး၊ အဲဒီအတွက် အောင်မြေသာဇံမှာက မရဘူး၊ အဲဒီအတွက် အောင်မြေသာဇံ ရဲတပ်ဖွဲ့ရုံးကို တင်တဲ့အခါမှာ အောင်မြေသာဇံ အုပ်ချုပ်ရေးမှူးကဖြေတယ်၊ တိုင်းအစိုးရအဖွဲ့က မပေးလို့ပါဆိုတဲ့ အဖြေရှိပါတယ်၊ ဂျာနယ်မှာ သူတရားဝင် ဖြေကြားထားတာပါ၊ တိုင်းအစိုးရရဲ့ ဒီမပေးဘူးဆိုတဲ့လုပ်ရပ်ကို ဒီနေရာကနေပြီးတော့ ကန့်ကွက်ပါတယ်၊ ထောင်အရှေ့မှာလည်း ကျနော်တို့ မခိုင်အတွက် တစ်မိနစ်ငြိမ်သက်ပြီး ဆုတောင်းတယ်၊ အခုလည်း မဟာမြတ်မုနိဘုရားမှာ ဆုတောင်းပေးတာဖြစ်ပါတယ်"
ဒီကနေ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း သတင်းမီဒီယာသမားတွေရဲ့ ဒုတိယအကြိမ်မြောက် ဆန္ဒပြပွဲဖြစ်ပါတယ်။