ရေဦးမှာ စစ်ကြောင်းဝင်လာလို့ လူငါးထောင်ခန့် တိမ်းရှောင်

RFA Burmese
2023.12.15
ရေဦးမှာ စစ်ကြောင်းဝင်လာလို့ လူငါးထောင်ခန့် တိမ်းရှောင် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြသည့် ရေဦးမြို့နယ်မှ ဒေသခံများအားတွေ့ရစဉ်။
ရေဦးမြို့နယ်အခြေပြု People's Defense Comrade

စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်ကနေ မြို့အနောက်ဘက်က ရွာတွေဘက်ကို ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာတာကြောင့် ရွာခုနစ်ရွာ ခန့်က ဒေသခံ ငါးထောင်ခန့် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ခုနစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ လက်ရှိမှာ ရေဦးမြို့နဲ့ သုံးမိုင်အကွာက မုတ်စီရွာထဲကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်နေပြီး ရွာကို စီးနင်းထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာက လူတွေကတော့ အကုန်ထွက်ပြေးသွားပြီ။ စစ်ကြောင်းထိုးလာတော့ ရွာပြင် မှာလည်း ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေတာလည်း ရှိလိုက်တော့ ရွာထဲက ပြန်မထွက်သေးဘူး”

စစ်ကြောင်းဝင်လာတာကြောင့် မုတ်စီရွာနဲ့ အနီးတစ်ဝိုက် ရွာတွေဖြစ်တဲ့ ငြုပ်တုံ၊ ရွာမိဿာ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ အောင်သာ စတဲ့ရွာတွေက ဒေသခံတွေ ဒီနေ့မနက် အစောပိုင်းကတည်းက ရွာကို စွန့်ခွာထွက်ပြေးနေရတာလို့ သူကဆိုပါတယ်။

ဝင်ရောက်စီးနင်းခံနေရတဲ့ မုတ်စီရွာကတော့ အိမ်ခြေ ၂၅၀ ခန့်ရှိပြီး လူဦးရေ တစ်ထောင်ကျော် နေထိုင်တဲ့ရွာဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦစိုင်းနိုင်နိုင်ကျော်ကို RFA က မေးမြန်းတဲ့အခါ လတ်တလော ခရီးသွားနေတာကြောင့် အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ပြန်လည်ဖြေဆိုပါတယ်။

ဒီနေ့ တစ်ရက်တည်းမှာပဲ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ညောင်ပင်တဲရွာက နေအိမ်ခြောက်လုံးကို မီးရှို့ဖျက်ဆီးထားသလို ဖမ်းထားတဲ့ အရပ်သား ငါးဆယ်ခန့်ကိုလည်း ပြန်မလွတ်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်းကျော်လာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။