စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း YDF ပြော
မကွေးတိုင်း ဂန့်ဂေါကနေ ကလေးမြို့ကို သွားနေတဲ့ စစ်ကားအစီး ၄၀ ပါ ယာဉ်တန်းကို ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့ (YDF) က ဩဂုတ်လ ၁၈ ရက် မနေ့ညနေမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ YDF အဖွဲ့က အမည်မဖော်လိုတဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဂန့်ဂေါမြို့ မြောက်ဘက် ၁၅ မိုင်နဲ့ ၁၆ မိုင်အကြား ဖိုးမော်ကြီးကွေ့အနီး ညနေ ၄ နာရီမှာ မိုင်းခွဲတိုက်ခိုက် ခဲ့တာ ဖြစ်ပြီး စစ်ကားနှစ်စီး မိုင်းထိ ပျက်စီးခဲ့တယ်လို့ အဲဒီသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"ဖြစ်ဖြစ်ချင်း ထိုးရပ်သွားတယ်။ ပြီးမှ ကျန်တဲ့ကားတွေက ကာဗာယူပြီးမှ ပြန်ပြင်ဆင်ပြီး မောင်းသွား တယ်။ ကျွန်တော်တို့က ကား နှစ်စီးကို မိုင်းခွဲတာက ၂၀ ကျော်လောက်သေပြီး ၁၀ ယောက်ခန့်က ဒဏ်ရာပြင်းထန်စွာ ရရှိသွားတာပေါ့နော်"
အဲဒီနောက်မှာတော့ ဂန့်ဂေါလမ်းတစ်လျှောက်မှာရှိတဲ့ ဒေသခံတွေရဲ့ ဆိုင်ကယ် အစီး ၂၀ ခန့်ကို စစ်တပ်က သိမ်းယူသွားတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကလည်း ဒီလမ်းပိုင်းမှာပဲ စစ်ကား သုံးစီးပါ ယာဉ်တန်းကို YDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သလို ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းမှာ စစ်ကား လေးစီးပါ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။