ညပိုင်း YBS သီးသန့် ယာဉ်တွေ ပြေးဆွဲမည်
2017.01.25

ရန်ကုန်မြို့မှာ YBS ယာဉ်တွေ မပြေးဆွဲတဲ့ ည ၉နာရီကစပြီး ညပိုင်းသီးသန့်ယာဉ်တွေနဲ့ ပြေးဆွဲ ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မြေနီကုန်းဂုံးကျော်တံတား အနုပညာမြောက် ပြင်ဆင်မွမ်းမံတဲ့ စီမံကိန်း ဖွင့်ပွဲ အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က ပြောတာဖြစ်ပါတယ်။
"ညဘက်မှာ ကားအခက်အခဲအတွက် အခုကျနော်တို့ ညကြီးကားပြေးပေးဖို့ဆိုပြီး မနေ့ကဆွေးနွေးထားပါတယ်၊ သီးခြား ညဘက်ထွက်ပေးဖို့ ညကြီးကား စီစဉ်ဖို့ဆိုပြီးတော့ အစီအစဉ်ရှိပါတယ်"
YBS ဘတ်စ်ကားတွေဟာ ညပိုင်း ၉ နာရီမှာ မပြေးဆွဲပေးတဲ့အတွက် ညပိုင်း လုပ်ငန်းခွင်ကနေ နေအိမ်ပြန်သူတွေ စီးစရာ ဘတ်စ်ကား မရှိတဲ့အခြေအနေ တာကြောင့် အခက်အခဲတွေ ဖြစ်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လမ်းမတွေပေါ်မှာ ရပ်တန့်ထားရတဲ့ ဘတ်စ်ကားတွေအတွက် ဂိတ်စ၊ ဂိတ်ဆုံးနေရာတွေမှာ နေရာပေးနိုင်အောင် ငွေကျပ် ၁၀ ဘီလီယံ အကုန်အကျခံသုံးစွဲသွားမှာ ဖြစ်ကြောင်း၊ ဘတ်စ်ကားတွေကို အဆင့်မြှင့်တင်ဖို့နဲ့ ကားအသစ်တွေဝယ်ဖို့ ငွေကျပ် ဘီလီယံ ၆၀ သုံးစွဲသွား မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
လက်ရှိပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေမှာ GPS စနစ်ထက်ပိုမိုတိကျတဲ့ Tele Matrix စနစ်ကို တပ်ဆင်ပေးသွားမှာဖြစ်ပြီး ဘတ်စ်ကားအားလုံးကို ထိန်းချုပ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။