YBS ယာဉ်ခိုးသွားသူ လမ်းမှာတိုက်မိတာကြောင့် နှစ်ဦး သေဆုံး

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်က သဘာ၀ဓာတ်ငွေ့ CNG ဂက်စ်ဆိုင်မှာ ရပ်နားထားတဲ့ YBS 94 ဘတ်စ်ကားကို ဩဂုတ်လ ၂ ရက် ဒီနေ့မနက်အစောပိုင်း အမျိုးသားတစ်ဦးက ခိုးယူပြီး မောင်းနှင်ထွက်ပြေးချိန် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိတာကြောင့် သေဆုံးသွားတယ်လို့ ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဂက်စ်ဖြည့်ဖို့ တန်းစီနေတဲ့ လူထုမိတ်ဆွေယာဉ်လိုင်းက Foton အမျိုးအစား ဘတ်စ်ကားကို အမျိုးသားတစ်ဦး ခိုးယူမောင်းနှင်သွားချိန် လမ်းမှာ ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး နှစ်ဦး သေဆုံးခဲ့တယ်လို့ လူထုမိတ်ဆွေ ယာဉ်လိုင်းရဲ့ စီမံခန့်ခွဲမှု မန်နေဂျာ ဦးမိုးအောင်ချောက RFA ကို ပြောပါတယ်။
"တညင်းကုန်းလမ်းဆုံမှာ တိုက်ထားတာ။ ဂျပန်လမ်းမှာလည်း တွေ့တယ်။ ဂျပန် လမ်းမှာ တိုက်မိတာက စိတ်ပေါ့သွပ်သူပေါ့။ သူကတော့ လမ်းဘေးမှာ အိပ်နေတာပါ။ ၁၂ နှစ်အရွယ်ကလေးနဲ့ အမျိုးသမီးတစ်ယောက်က ဆေးရုံရောက်မှ ဆုံးသွားတယ်"
အဲဒီကားဟာ အင်းစိန်မြို့နယ် ဂျပန်လမ်းမှတ်တိုင်အနီးမှာ လမ်းပြောင်းပြန် အနေအထားနဲ့ ဓာတ်တိုင်ကို တိုက်မိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ကားခိုးသွားသူဟာ CNG ဂက်စ်ဆိုင်မှာ လာရောက်တန်းစီနေတဲ့ ကုန်တင်ကားမောင်းသူ တစ်ဦးဖြစ်သလို မူးယစ်ဆေးတစ်မျိုးမျိုး အသုံးပြုထားကြောင်း ရဲတွေက သုံးသပ်ထားတယ် လို့ ဦးမိုးအောင်ချောက ပြန်ပြောပြပါတယ်။
လက်ရှိမှာတော့ ဘတ်စ်ကား ခိုးသွားသူကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေရဲ့ နာရေးအတွက်ကိုတော့ လူထုမိတ်ဆွေယာဉ်လိုင်းအနေနဲ့ အကူအညီပေးသွားမယ်လို့ စီမံခန့်ခွဲမှု မန်နေဂျာ ဦးမိုးအောင်ချောက ပြောပါတယ်။