YBS တစ်နှစ်ပြည့် အခမ်းအနား ကျင်းပ
2018.01.16
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်ပြောင်းလဲ ပြေးဆွဲခဲ့တဲ့ ရန်ကုန်တိုင်း ဘတ်စ်ကားဝန်ဆောင်မှု YBS ဟာ ဒီကနေ့မှာ တစ်နှစ်ပြည့်သွားပြီး အများပြည်သူ အဆင်ပြေချောမွေ့စေရေးအတွက် အောင်မြင်အောင် ဆက်လက် လုပ်ဆောင်သွားမယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ဒီနေ့ ပြောပါတယ်။
ရန်ကုန်မြို့က Sky Star ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု YBS တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြောတာ ဖြစ်ပါတယ်။
"ကျမတို့အနေနဲ့ ပြည်သူတွေကို ကတိပြုနိုင်တာကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ နေ့စဉ်နှင့်အမျှ မသွားမဖြစ် သွားလာနေကြရတဲ့ ပြည်သူတွေအတွက် လုပ်တာဖြစ်တဲ့အတွက် ကျမတို့ YRTA တဖွဲ့လုံးရဲ့ ကိုယ်စားပေါ့နော် ကျမအနေနဲ့ ကတိပြုပါတယ်၊ ကျမတို့ ဒီလုပ်ငန်းကြီးကို အောင်မြင်အောင် ဆောင်ရွက်မှာပါ"
ဒီနှစ်မှာ YBS ဘတ်စ်ကားခ ငွေပေးချေမှုစနစ်ကို ကဒ်စနစ်ဖြစ်အောင် အဓိကထား လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ YBS တွေအပြင် အငှားကားဝန်ဆောင်မှုတွေကိုလည်း ပြောင်းလဲ လုပ်ဆောင်သွားမယ်လို့ ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
ယာဉ်စည်းကမ်းလိုက်နာဖို့နဲ့ လုံခြုံရေးအတွက် စောင့်ကြည့်ကင်မရာတွေ တပ်ဆင်နေပြီး မီးနီဖြတ်မောင်းသွားတဲ့ ယာဉ်တွေကိုလည်း ထိန်းချုပ် အရေးယူသွားမှာ ဖြစ်သလို လက်ရှိ မြို့ပြင်တွေမှာ ပြေးဆွဲမှုများတဲ့ Mini Bus တွေကို ဒီနှစ်ထဲမှာ ကားသစ်တွေနဲ့ လဲလှယ်နိုင်အောင် ဆောင်ရွက်သွားမယ့် အကြောင်းတွေကို တာဝန်ရှိသူတွေက အသိပေးပြောကြားခဲ့ပါတယ်။
ယာဉ်အစီးရေ ငါးထောင်ကျော်မှာ ကားသစ် ၂၀ ရာခိုင်နှုန်းကျော်၊ ၆၀ ရာခိုင်နှုန်းကျော်က စီးတီးဘတ်စ်တွေ ဖြစ်ပြီး ၂၂ ရာခိုင်နှုန်းကတော့ Mini Bus တွေ ဖြစ်ပါတယ်။
YBS မပြောင်းလဲခင် ၂၀၁၆ ခုနှစ်မှာ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူ ၅၀၀ ကျော်ရှိခဲ့ပြီး ပြောင်းလဲပြီး ၂၀၁၇ ခုနှစ်မှာ ဒဏ်ရာရသူ ၂၀၀ နီးပါးလောက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။