ထားဝယ် နိုင်ငံရေးအကျဉ်းသား ကိုရာဇာထွန်း ထောင်ခုနစ်နှစ်ထပ်ချခံရ၊ စုစုပေါင်း ၄၈ နှစ်ရှိလာ
2022.12.03
နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရာဇာထွန်းကို ထားဝယ်ခရိုင်တရားရုံး က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ နောက်ထပ် ထောင်ခုနစ်နှစ် ထပ်ချလိုက်တယ်လို့ ထားဝယ်ဒေသခံတွေက ပြောပါတယ်။
ကိုရာဇာထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂/ ၁၄၄ နဲ့ စစ်ကောင်စီရဲ့ တရားရုံးကနေ အမိန့်ထပ်ချခဲ့တာလို့ ထားဝယ်မြို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီဇင်ဘာ ၃ ရက် ဒီကနေ့ ပြောပါတယ်။
"ခရိုင်တရားရုံးကနေ အမိန့်ချလိုက်တာ။ စုစုပေါင်းခုနစ်နှစ်ပေါ့။ ပြီးခဲ့တဲ့ အောက်တိုဘာ လတုန်းကလည်း သူ့ကို ထောင်အနှစ် ၂၀ နှစ်ချထားတယ်။ ပုဒ်မတွေကတော့ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေဖြစ်တဲ့ ပုဒ်မ - ၅၀(ည)၊ ၅၄ တွေနဲ့ချခဲ့တာ။ အဲဒီမတိုင်ခင်ကကျတော့ ထောင်၂၁ နှစ် ချထားသေးတယ်။ ပုဒ်မတွေတော့ မသိရဘူး"
အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ကိုရာဇာထွန်းဟာ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်က အုပ်ချုပ်ရေးမှူးရဲ့ စာရေးမဖြစ်သူ သေနတ်နဲ့အပစ်ခံရလို့ သေဆုံးမှုအပေါ် စွပ်စွဲခံရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
ကိုရာဇာထွန်း ဖမ်းဆီးခံရပြီး မကြာခင်မှာပဲ ထားဝယ်မြို့ ကမ်းနားလမ်းတစ်လျှောက်မှာ လူသတ်မှုကျုးလွန်ကြောင်း စစ်ကောင်စီတပ်ဖွဲ့တွေက အော်ဟစ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် ဩဂုတ်လ ၂၂ ရက်အထိ ထားဝယ် အကျဉ်းထောင်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃၁ ဦးရှိတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားကွန်ရက်က ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် မှာ ထုတ်ပြန်ထားပါတယ်။