သရက်ချောင်းမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေ
2025.02.27
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သလို လက်ရှိလည်း စစ်ရေးတင်းမာနေတယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ တာဝန်ရှိသူ ကိုသစ္စာရှင်က ပြောပါတယ်။
"တိုက်ပွဲပြင်းထန်တယ်ဗျ၊ တစ်နေ့လုံး ဖြတ်တိုက်တယ်၊ အရင်နေ့တွေကလည်း မကြာမကြာတိုက်ပွဲဖြစ်တာတွေ ရှိတယ်။ အခုလက်ရှိတော့ တိုက်ပွဲတော့မရှိဘူး။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတစ်ဝိုက်မှာတော့ စစ်ကောင်စီက နေရာယူပြီး စောင့်နေတာ။ ကင်ပုန်းဝပ်နေတာတွေရှိနေတယ်။ စစ်ရေးကတော့ တင်းမာနေဆဲပဲ"
ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဥတ္တူကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၆ ဦးသေဆုံးခဲ့သလို ကာကွယ်ရေးပူးပေါင်းတပ်က သုံးဦးသေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
၁၇ ရက်ကြာ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အယောက်သုံးဆယ်နီးပါးသေဆုံးခဲ့တယ်လို့လည်း သရက်ချောင်းပကဖက ဆိုပါတယ်။ နှစ်ဖက်ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အစပ်က ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဒူရစစ်ကြောင်းက တိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အင်အားနှစ်ရာကျော်နဲ့ စစ်ကြောင်းထိုးလာတာလို့လည်း ဆိုပါတယ်။
အဲဒီစစ်ကြောင်းမှာ ထားဝယ်နဲ့ သရက်ချောင်းမြို့ အခြေစိုက်တဲ့ စစ်ကောင်စီခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခလရ ၄၀၃၊ ၄၀၄၊ ၄၀၅၊ ၂၅ တပ်ဖွဲ့ဝင်တွေအပြင် ရဲတပ်ဖွဲ့ဝင်တွေလည်းပါတယ်လို့ ဆိုပါတယ်။