နှစ်လအတွင်း ရေပူဂိတ်ကနေ ၂ဘီလီယံကျော်ဖိုး တရားမဝင် ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိ


2017.04.03
yaypu-gate-620.jpg ရှမ်းပြည်နယ် လားရှိုး - သိန္နီလမ်းပိုင်းပေါ်မှာရှိတဲ့ သိန္နီရေပူအမြဲတမ်းစစ်ဆေးရေး စခန်းကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် လားရှိုး - သိန္နီလမ်းပိုင်းပေါ်မှာရှိတဲ့သိန္နီရေပူအမြဲတမ်းစစ်ဆေးရေး စခန်းက နှစ်လအတွင်း ၂.၂၃ ဘီလီယံ တန်ဖိုးရှိတဲ့ တရားမဝင် ကုန်ပစ္စည်းတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရေပူစစ်ဆေးရေးစခန်း တာဝန်ခံ ဦးတက်ထွန်းအောင် က ပြောပါတယ်။

အဲဒီလိုဖမ်းဆီးရမိတဲ့ပစ္စည်းတွေထဲမှာ တရုတ်နိုင်ငံကိုတင်ပို့မယ့် ကျောက်စိမ်းနဲ့ သစ်တွေ အများဆုံးဖြစ်တယ်လို့ ဦးတက်ထွန်းအောင် က ပြောပါတယ်။

"အဓိကက ကျောက်စိမ်းနဲ့ သစ်တွေ များတာပေါ့နော်၊ ကျန်တဲ့ပစ္စည်းတွေက တဖက်နိုင်ငံကဝင်လာတဲ့ စားသုံးရန်မသင်တဲ့ပစ္စည်းတွေကို ဖျက်ဆီးရတာဖြစ်တဲ့အတွက် တန်ဖိုးအရမရှိပေမယ့်လို့ နိုင်ငံတော်က ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် ကာကွယ်ပေးနိုင်တယ်"

တရားမဝင်ကုန်ပစ္စည်းဝင်ရောက်မှု၊ လက်နက်ခဲယမ်းတွေသယံဇာတနဲ့ သစ်တော ထွက်ပစ္စည်းတွေ ပြည်တွင်း ကိုဝင်ရောက်မှုနဲ့ပြည်ပကိုတင်ပို့မှု မရှိစေဖို့ ရေပူစစ်ဆေးရေးစခန်းက သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့၁၂ဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို ၂၄ နာရီအတွင်း လားရှိုးမြို့မှာရှိတဲ့ အကောက်ခွန်ဌာနကို ပေးပို့တာဖြစ်တယ်လို့လည်း သိရပါတယ်။

နယ်မြေအခြေအနေ၊ ဝန်ထမ်းအင်အားမလုံလောက်မှု၊ ကုန်ပစ္စည်းစစ်ဆေးတဲ့ စက်လိုအပ်ချက်တွေကြောင့် အခက်အခဲရှိသလို ကုန်ပစ္စည်းဖမ်းဆီးနေချိန်နဲ့ဖမ်းဆီးမှုရပ်တန့်နေချိန်တွေကို သတင်းပေးသူတွေ ရှိနေတဲ့အတွက်လည်း ဖမ်းဆီးရေးမှာ အခက်အခဲရှိနေတယ်လို့ ဦးတက်ထွန်းအောင် က ပြောပါတယ်။

ရေပူစစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် အစိုးရက လစာအပြင် တစ်ဦးကို နေ့တွက် စရိတ်အဖြစ် ငွေကျပ် ၅ ထောင် သတ်မှတ်ပေးသလို ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်တန်ဖိုးရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ဆုကြေးအနေနဲ့ ပေးတဲ့အတွက် ဝန်ထမ်းတွေဟာ လာဘ်ပေးလာဘ်ယူတာ လက်ခံမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ ပိတ်သိမ်းခဲ့တဲ့ ရေပူစစ်ဆေးရေးစခန်းဟာ အရင်စစ်အစိုးရလက်ထက်က အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး နာမည်ကြီးခဲ့တဲ့ ဂိတ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအတွက် ရေပူစစ်ဆေးရေး စခန်းပြန်လည်ဖွင့်လှစ်မှာနဲ့ ပတ်သက်ပြီး ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ကုန်သည်တွေက ကန့်ကွက် ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။