ရေပူစစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်
2017.01.16

ကန့်ကွက်မှုတွေရှိနေတဲ့ လားရှိုးမြို့နဲ့ သိန်းနီမြို့အကြားက ရေပူစစ်ဆေးရေးဂိတ်ကို ဒီကနေ့ ပြန်လည်ဖွင့်လှစ် လိုက်ပါတယ်။
ရေပူဂိတ်ကို တာဝန်ယူမယ့် အကောက်ခွန်ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် က နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို တားဆီးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
"သူတို့ကိုဖမ်းမယ် ဒုက္ခပေးမယ် ပိုက်ဆံတွေကုန်အောင်လုပ်မယ် ဒီလိုမဟုတ်ဘူး၊ တရားမဝင်ကုန်သွယ်မှုတွေကို တားဆီးမလို့ နောက်အေးခဲအသားလိုဟာမျိုးတွေ အန္တရာယ်မကင်းတဲ့ အစားအသောက်တွေရှိတယ်၊ အဲဒါတွေ ကိုယ်တို့နိုင်ငံထဲဝင်လာတာတွေကို ကိုယ်တို့က ဒီမှာပူးပေါင်းအဖွဲ့တွေနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ထိန်းချုပ်ဖို့ လုပ်မှာ"
ရေပူဂိတ်မှာ စစ်ဆေးရေးအဖွဲ့အားလုံး မစုံသေးတာကြောင့် ကုန်ပစ္စည်းတွေကို စတင်စစ်ဆေးတာ မရှိသေးပါဘူး။
ဒီကနေ့ဖွင့်လှစ်လိုက်တဲ့ ရေပူဂိတ်စခန်းမှာ အကောက်ခွန်ဌာနနဲ့အတူ စီးပွားကူးသန်း၊ ကုန်းလမ်းပို့ဆောင်ရေး၊ ယာဉ်ထိန်းအဖွဲ့၊ မူးယစ်အထူးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ စိုက်ပျိုးရေးဌာန၊ မွေးမြူရေးဌာန၊ သတင်းမီဒီယာ၊ ရဲတပ်ဖွဲ့၊ သစ်တောဌာနအပြင် ကုန်သည်စက်မှုအသင်း UMFCCI အဖွဲ့တွေလည်းပါဝင်မှာဖြစ်ပြီး အဖွဲ့နှစ်ဖွဲ့ ခွဲပြီးစစ်ဆေး သွားမှာဖြစ်ပါတယ်။
ကုန်ပစ္စည်းတွေကို စစ်ဆေးရာမှာ ငွေကြေးတစ်စုံတရာ ပေးဖို့မလိုအပ်ဘဲ စစ်ဆေးမယ့် ဌာနဆိုင်ရာတွေကို လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးထားပြီးဖြစ်တဲ့အတွက် အဂတိလိုက်စားမှုတွေ မရှိအောင် ဆောင်ရွက်သွားမယ် လို့လည်း ဦးတက်ထွန်းအောင် က ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မန္တလေး ၁၆ မိုင်စစ်ဆေးရေးဂိတ်တွေ ရှိနေတဲ့အတွက် အခုလိုရေပူဂိတ်ကို ပြန်လည်ဖွင့်လှစ်တဲ့အပေါ် ကုန်သည်တွေ၊ ယာဉ်မောင်းတွေနဲ့ လုပ်ငန်းရှင်တွေ က ကန့်ကွက်နေကြတာဖြစ်ပါတယ်။
အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၄၀ ခန့် လက်မှတ်ရေးထိုးပြီး ဒီကနေ့နိုင်ငံတော်သမ္မတထံ ကန့်ကွက်စာပေးပို့ထားတယ်လို့ ရှမ်းပြည်နယ် အမှတ်(၃) မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုစိုင်းဝမ်းလှှိုင်ခမ်း က ပြောပါတယ်။
ရေပူစစ်ဆေးရေးဂိတ်ဟာ တပ်မတော်အစိုးရလက်ထက် ၁၉၉၈ ခုနှစ်မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းက တပ်မှူးတွေ အလှည့်ကျ ဂိတ်ထိုင်စစ်ဆေးခဲ့ကြတာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာတော့ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနက လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ ပိတ်သိမ်းခဲ့တာဖြစ်ပြီး ဒီနေ့ ပြန်လည်ဖွင့်လှစ်တာဖြစ်ပါတယ်။