ရေပူဂိတ်မှာ ဧပြီလအတွင်း သစ်၊ မူးယစ်ဆေးနဲ့ နွားတွေ ဖမ်းမိ
2017.04.20

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နဲ့ သိန္နီမြို့ကြားက ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ ဧပြီလအတွင်း မူးယစ်ဆေးဝါး၊ သစ်နဲ့ နွားတွေကိုပါ ဖမ်းဆီးမိခဲ့ပါတယ်။
ဒီလအတွင်း ဘိန်းဖြူ ၈၈၈ ဂရမ် ဖမ်းမိခဲ့သလို တရုတ်ပြည်ကို နွားတွေပို့မယ်ဆိုပြီး သတင်းရတာကြောင့် တောထဲ မှာ သွားစောင့်ဖမ်းတဲ့အခါမှာ နွား ၇၄ ကောင်ကို ဖမ်းမိခဲ့တယ်လို့ ရေပူစစ်ဆေးရေးစခန်း အကောက်ခွန်ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် က ပြောပါတယ်။
"ဒီ ၄ လပိုင်းထဲမှာဆိုရင် မူးယစ်ဆေးဝါးမိတာရှိတယ်၊ သစ်မိတာရှိတယ်၊ အဓိကတော့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေပေါ့၊ အခွန်မဆောင်ဘဲ ဝင်လာတဲ့ဟာတွေမိပါတယ်၊ ဘိန်းဖြူ ၈၈၈ ဂရမ် ဖမ်းထား တာရှိတယ်၊ နောက်တစ်ခုက နွား ၇၄ ကောင်ထွက်လာတယ်ဆိုတဲ့ သတင်းလေးကြိုရတော့ တောထဲ မှာသွားစောင့်ပြီးတော့ ဖမ်းလိုက်တော့ တရုတ်ပြည်ကို ပို့မယ့်နွားတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်"
မူးယစ်ဆေးဝါးဖမ်းဆီးမိတာကို သိန္နီရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီး နွားတွေကိုတော့ တရားမဝင် သယ်လာ တာဖြစ်တဲ့အတွက် တရားရုံးတင်ဖို့ ထိန်းသိမ်းထားကာ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြော ပါတယ်။
ဒါ့အပြင် ဒီနေ့မှာ ခရီးသည်တင်ကားတွေပေါ်ကနေ ပိတောက်သစ်တွေနဲ့ တရားမဝင် သတ္တုမှုန့်တွေ တင်ဆောင် လာတဲ့ကားနဲ့ တရုတ်ပြည်ဘက်ကိုပို့မယ့် မြွေပွေးနဲ့ လင်းမြွေတွေ တင်ဆောင်လာတဲ့ လိုင်စင်မဲ့ကား ၂ စီးကိုလည်း ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိဖမ်းဆီးရမိတာတွေနဲ့ ပတ်သက်ပြီး တန်ဖိုးငွေကို တွက်ချက်နေဆဲဖြစ်ပါတယ်။
ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ဖွင့်လှစ်ပြီး နှစ်လအတွင်း ၂.၂၃ ဘီလီယံ တန်ဖိုးရှိတဲ့ တရားမဝင် ကုန်ပစ္စည်းတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။