တရားမဝင်ကားတွေကို စစ်ဆေးရေးဂိတ် သတင်းပေးသူ ထွက်ပြေးလွတ်မြောက်
2017.04.24

သိန္နီရေပူအမြဲတမ်း စစ်ဆေးရေးစခန်းကို ဖြတ်သန်းသွားရမယ့် တရားမဝင်ကုန်ပစ္စည်းတင်တဲ့ ကားတွေကို စစ်ဆေးရေးဂိတ်ရဲ့ အခြေအနေ သတင်းပေးနေတဲ့သူကို လိုက်လံဖမ်းဆီးပေမယ့် လွတ်မြောက်သွားတဲ့အတွက် အရေးယူဖို့ ဆက်လုပ်နေတယ်လို့ အကောက်ခွန်ဦးစီးဌာနက ဒုတိယညွှန်မှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။
သတင်းပေးတဲ့သူက ကားနဲ့ထွက်ပြေးတာဖြစ်ပြီး လိုက်ဖမ်းတဲ့အခါမှာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ခရီးသွားပြည် သူတွေကို ထိခိုက်မှာစိုးတဲ့အတွက် လွှတ်ပေးလိုက်ရတာဖြစ်တယ်လို့ ဦးတက်ထွန်းအောင်က ပြောပါတယ်။
"အဲဒီကားကို လိုက်ဖမ်းတဲ့အခါမှာသူက ကီလို ၁၂၀ လောက်နဲ့မောင်းပြေးသွားတယ်။ ကျနော်တို့က နောက် ကနေ ကီလို ၁၀၀ ကျော်နဲ့လိုက်တယ်။ သို့သော် လမ်းကလည်း ချောနေတယ်။ ပြီးတော့ ဘေးဘက်မှာလည်း ပြည်သူလူထုကို ထိခိုက်အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် သူထိသွားရင်လည်း မကောင်းဘူး။ ကိုယ်ထိလည်း မကောင်းဘူး။ ဘေးမှာသွားလာနေတဲ့ ရွာသူရွာသားတွေ ခရီးသွားပြည်သူတွေထိရင်လည်း မကောင်းဘူး ။ ဒ့ါကြောင့်မို့လို့ ကျနော်လွှတ်ပေးလိုက်တယ်။ သူကတော့ လွတ်သွားတယ်ခင်ဗျ။ လွတ်သွားပေမယ့် ရဲတပ်ဖွဲ့မှာ ဘယ်လိုဥပဒေနဲ့ ဘယ်လို တရားစွဲလို့ရမလဲ၊ အရေးယူလို့ ရမလဲဆိုတာကိုတော့ ရတဲ့ဥပဒေနဲ့ တရားစွဲပြီး အရေးယူတာတွေလုပ်မှာပါခင်ဗျ"
အဲဒီသတင်းပေးတဲ့သူဟာ ဝန်ထမ်းမဟုတ်ဘဲ သာမာန်အရပ်သားဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကို ရေပူ စစ်ဆေးရေးစခန်းနားမှာ ဆိုင်ကယ်နဲ့ဖြစ်ဖြစ်၊ ကားနဲ့ဖြစ်ဖြစ် လှည့်ပတ်သွားလာနေခဲ့တာတွေ တွေ့ရတယ် လို့ ပြောပါတယ်။
အဲဒီလူဟာ တရားမဝင်ပစ္စည်းသယ်လာတဲ့ ကားတစ်စီးကို ကျပ်ငွေတစ်သိန်းခွဲတောင်းတယ် ဆိုတဲ့အကြောင်းကို ကုန်တင်ယာဉ်မောင်းတစ်ယောက်က ထုတ်ဖော်ပြောခဲ့တာလို့ သိရပါတယ်။
သူ့လိုမျိုး သတင်းပေးနေတဲ့သူ ၈ ယောက်လောက်ရှိတာကို ဧပြီ ၁၈ ရက်နေ့က ရဲစခန်းကိုခေါ်ပြီး သတိပေး လိုက်တဲ့အတွက် ပြန်ကုန်ကြတယ်လို့ ပြောပါတယ်။