ရန်ကုန်မြို့တော်ဝန်အပါအဝင် ၆ ယောက် အဂတိနဲ့ အမှုဖွင့်ခံရ

2022.05.26
ရန်ကုန်မြို့တော်ဝန်အပါအဝင် ၆ ယောက် အဂတိနဲ့ အမှုဖွင့်ခံရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်အရေးယူခံရသူတွေထဲက ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး။
Photo : MCEF

ရန်ကုန်တိုင်းဝန်ကြီး ဦးဟံထွန်း၊ ရန်ကုန်မြို့တော်ဝန်နဲ့ ဒုတိယမြို့တော်ဝန်အပါအဝင် ၆ ယောက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ စစ်ကောင်စီက မေလ ၂၆ ရက်နေ့မှာ အမှုဖွင့်အရေးယူလိုက်ပါတယ်။

ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင် အပြင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးသန်း၊ ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် ဦးဇင်မင်းအောင်တို့ကို ကျောက်တံတားမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူတို့တာဝန်ထမ်းဆောင်စဉ်က ရန်ကုန်တိုင်းအစိုးရနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဖက်စပ်ကုမ္ပဏီရဲ့ စက်သုံးဆီအရောင်းဆိုင်တွေ ဖွင့်လှစ်ဖို့ မြေငှားရမ်းချထားပေးမှုနဲ့ အခြားမြေငှားရမ်းချပေးမှုတွေမှာ ငွေကျပ်သန်း ၂သောင်းခွဲကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် က စွပ်စွဲထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ အစိုးရ ဝန်ထမ်းတွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရပြီး နှစ်ရှည်ထောင်ချတွေ ချမှတ်ခံနေရပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၁၅လ ကျော်အတွင်း ၇ဝ နီးပါး အရေးယူခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။