NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်က ဝန်ကြီး ငါးဦး အဂတိအမှုနဲ့ စွဲချက်တင်ခံရ

2021.12.01
NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်က ဝန်ကြီး ငါးဦး အဂတိအမှုနဲ့ စွဲချက်တင်ခံရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို စစ်တွေမြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားမှာ တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ငါးဦး ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၅ နဲ့ စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက် ဒီကနေ့ စွဲချက်တင် အမိန့်ချခံလိုက်ရပါတယ်။

စစ်တွေ အကျဉ်းထောင် သီးသန့်တရားရုံးကနေ အခုလိုစွဲချက်တင် အမိန့်ချခံလိုက်ရတာလို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ကြီးချုပ် ဦးညီပု၊ လျှပ်စစ်စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင် တို့ စွဲချက်တင်ခံလိုက်ရတာပါ။

နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှုး ဦးကောင်းဇော်သန့်က တရားလိုလုပ်ပြီး အမှု လေးမှုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သူတို့ဟာ နိုင်ငံ့ဘဏ္ဍာငွေကို ဘယ်လိုပုံစံနဲ့ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် အခြေအနေ ကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။

အဲဒီအမှုအတွက် တရားလိုသက်သေအချို့ကို စစ်ဆေးဖို့အတွက် လာမယ့် ဒီဇင်ဘာ ၈ ရက်နဲ့ ၁၀ ရက် ကို ရုံးချိန်းလိုက်တယ်လို့လည်း ဦးအောင်စစ်မင်းက ပြောပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကတော့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ - ၅၀၅ (ခ) နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ ဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေ ပုဒ်မဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။