ရခိုင်ဝန်ကြီးဟောင်း ငါးဦးရဲ့ အဂတိအမှု ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေး

2021.12.08
ရခိုင်ဝန်ကြီးဟောင်း ငါးဦးရဲ့ အဂတိအမှု ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ၂၀၁၈ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီးငါးဦးကို ဒီဇင်ဘာ ၈ ရက်နေ့ ဒီကနေ့မှာ တရားလိုအပါအဝင် ပြန်ခေါ်သက်သေ နှစ်ဦးကို စစ်ဆေးခဲ့တယ်လို့ အကျိုးဆောင် ရှေ့နေက ပြောပါတယ်။

အဲဒီဝန်ကြီးငါးဦးကို စစ်တွေအကျဉ်းထောင် သီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး သူတို့ဟာ ဒီဇင်ဘာလ ၁ ရက်ကမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ် - ၅၅ နဲ့ စွဲချက်တင်ခံထားရတာပါ။

ပြန်ခေါ်ထားတဲ့ တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးကောင်းဇော်သန့်နဲ့ တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ်လို့ တရားလွတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောပါတယ်။

လက်ရှိမှာ ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီးတွေအားလုံးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လျှပ်စစ်စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနဲ့သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင် တို့ အမှုရင်ဆိုင်နေကြရတာပါ။

အဲဒီဝန်ကြီးငါးဦးဟာ နိုင်ငံဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဦးကောင်းဇော်သန့်က တရားလိုလုပ်ပြီး အမှု လေးမှုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ရက်နေ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကတော့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

အခုလက်ရှိ အဲဒီဝန်ကြီး ငါးဦးကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ ဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။