ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အဂတိအမှုနဲ့ ထောင်ဒဏ် ၉နှစ် ချမှတ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလက်ထက် ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှု သုံးခုအတွက် စစ်ကောင်စီက ဧပြီ ၂၂ ရက်နေ့မှာ စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၉နှစ် ချမှတ်လိုက်ပါတယ်။
ဦးသောင်းထွန်းဟာ တာဝန်ထမ်းဆောင်စဉ်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က မြေ ၁ဝဧကနီးပါးကို တင်ဒါလုပ်ထုံးလုပ်နည်းတွေနဲ့ ဆန့်ကျင်ပြီး သူနဲ့ရင်းနှီးတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို နှစ် ၃ဝ ငှားရမ်းပေးခဲ့တဲ့ကိစ္စမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဝ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကြေညာခဲ့ပါတယ်။
ဦးသောင်းထွန်းကို မန္တလေးတိုင်းတရားလွှတ်တော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှု သုံးခုဖွင့်ပြီး စစ်ဆေးခဲ့ရာကနေ ၄လ အကြာ ဧပြီ ၂၂ ရက်နေ့မှာ အမိန့်ချလိုက်တာဖြစ်ပါတယ်။
ဦးသောင်းထွန်းဟာ ၂ဝ၁ဝ မတိုင်ခင်က မြန်မာသံအမတ်တာဝန်တွေ ထမ်းဆောင်ခဲ့သူပါ။ ၂ဝ၁၇ ခုနှစ်မှာတော့ သမ္မတ ဦးထင်ကျော်က အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့ပြီး ၂ဝ၁၇ ကနေ ၂ဝ၁၈ အထိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌနဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း ခန့်အပ်တာဝန်ပေးခံခဲ့ရသူဖြစ်ပါတယ်။
ဧပြီ ၂၂ ရက်နေ့မှာပဲ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂ဝ ချမှတ်လိုက်ပါတယ်။
ဒီနှစ်ထဲမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်တို့နှစ်ဦးကို ထောင်ဒဏ် ၁၆ နှစ်စီ၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို ထောင်ဒဏ် နှစ် ၂ဝ၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ထောင်ဒဏ် ၂၁ နှစ်၊ ရန်ကုန်တိုင်းဝန်ကြီး ဒေါ်နီလာကျော်ကို ထောင်ဒဏ် ၁၆ နှစ်၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ထောင်ဒဏ် ၁၂ နှစ် အသီးသီး ချမှတ်ခံထားရပါတယ်။ အားလုံးဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါပုဒ်မတွေနဲ့ အမိန့်ချခံရတာဖြစ်ပါတယ်။
အများဆုံးအရေးယူခံနေရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဟာ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ဒါမှမဟုတ် နိုင်ငံရေးရာထူး ထမ်းဆောင်ခဲ့စဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ် ၁၅ နှစ် နဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေထဲမှာ ပြဌာန်းထားပါတယ်။
RFA ကပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ အစိုးရ ဝန်ထမ်းတွေ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရတာ လက်ရှိအချိန်ထိ ၇ဝ နီးပါးအထိရှိနေပါတယ်။