AFD ကနေ ရန်ကုန်တိုင်းအတွက် ယူရိုသန်း ၇၀ ချေးယူမယ့်ကိစ္စ လွှတ်တေ်ာပယ်ချ
2018.12.13
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေဆောင်ရွက်ဖို့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇၀ ချေးယူမယ့်ကိစ္စကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။
ချေးငွေကို စီမံကိန်းတွေကနေရတဲ့ အကျိုးအမြတ်နဲ့ ပြန်ဆပ်ရမှာဖြစ်ပေမယ့် ဘယ်လိုပြန်ဆပ်မယ်ဆိုတာ အပြည့်အစုံမပါတာ၊ ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူတွေနဲ့ မတိုင်ပင်တာ စတဲ့ အချက်တွေကြောင့် ဆိုင်းငံ့သင့်တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အဆိုပြုထားပါတယ်။
ရန်ကုန်တိုင်းအစိုးရကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က ဒီနေ့လွှတ်တေ်ာ မှာ လာရောက်ရှင်းလင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာမှာ စီမံကိန်းကို ထောက်ခံမဲ ၃၄ မဲသာရှိပြီး ကန့်ကွက်မဲ ၄၉၇ မဲရှိတဲ့အတွက် ချေးငွေကိစ္စကို လွှတ်တော်က ပယ်ချလိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ငမိုးရိပ်ချောင်း(ပုဇွန်တောင်ချောင်း) ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်မျက်နှာစာ မြို့ပြဖွံ့ဖြိုးရေး၊ ရေကြောင်းထိန်းသိမ်းမှုတွေ၊ ကြည့်မြင်တိုင်ဈေးနဲ့ ပုဇွန်တောင်ဈေးအပြင် အဲဒီဈေးတွေက ပန်းခြံတွေ အဆင့်မြှင့်တင့်ရေးနဲ့ ကြက်ဘဲဈေး ပြောင်းရွှေ့ရေးလုပ်ငန်းတွေကို AFD က ချေးငွေနဲ့ ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။