ပြင်သစ်ချေးငွေ ရယူမယ့်ကိစ္စ ဆွေးနွေး
2018.12.03
လွှတ်တော်အဆုံးအဖြတ်ခံယူမယ့် အစီအစဉ် ရပ်ဆိုင်းထားတဲ့ ရန်ကုန်တိုင်းအစိုးရ ချေးငွေရယူမယ့်ကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးနဲ့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ရေးရာကော်မတီ အဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ နေပြည်တော်မှာ တေ့ွဆုံဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေ ဆောင်ရွက်ဖို့ ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇၀ ချေးယူမယ့်ကိစ္စကို လွှတ်တော် ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးရာမှာ ၆ ဦးက ကန့်ကွက်ခဲ့တဲ့ အတွက် အဆုံးအဖြတ်ယူမယ့်အစီအစဉ်ကို ရပ်ဆိုင်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဒီဇင်ဘာလ ၃ ရက်နေ့ ဒီနေ့မှာ အစီရင်ခံစာတင်သွင်းဖို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က နိုဝင်ဘာလ ၂၆ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့မှာ အစီရင်ခံစာ တင်သွင်းနိုင်ခြင်းမရှိသေးဘဲ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ဘဏ်များနဲ့ ငွေကြေးကော်မတီအဖွဲ့ဝင်တွေ၊ လွှတ်တော်မှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေ နဲ့ မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးက တေ့ွဆုံခဲ့တာဖြစ်ပါတယ်။