ယူရိုသန်း ၇၀ ချေးငွေယူမယ့်ကိစ္စ NLD အမတ် ၆ ဦး ကန့်ကွက်
2018.11.19
ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လျှောက်ဖွံ့ဖြိုးရေးနဲ့ မြို့ပြယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရို သန်း ၇၀ ချေးငွေ ရယူဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတာကို ဒီကနေ့ ကိုယ်စားလှယ်အများစုက ကန့်ကွက်ဆွေးနွေးကြပါတယ်။
NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ပါဝင်ဆွေးနွေးခဲ့ပြီး ၆ဦးက ချေးငွေရယူဖို့မသင့်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
အဲဒီစီမံကိန်းတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ဘဏ္ဍာငွေနဲ့သာ လုပ်ဆောင်သင့်ကြောင်းနဲ့ ချေးငွေကို မဖြစ်မနေ လိုအပ်တဲ့ကိစ္စတွေမှသာ ရယူသင့်ကြောင်း ကန့်ကွက်ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ကြပါတယ်။
အဲဒီချေးငွေနဲ့ ငမိုးရိပ်ချောင်း(ပုဇွန်တောင်ချောင်း)ဖွံ့ဖြိုးတိုးတက်ရေး၊ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ် မျက်နှာစာ မြို့ပြဖွံ့ဖြိုးရေး၊ ရေကြောင်းထိန်းသိမ်းမှုတွေ၊ ကြည့်မြင်တိုင်ဈေးနဲ့ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်ရေးအပြင် ပန်းခြံတွေအဆင့်မြှင့်တင့်ရေးတို့ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။