ပြည်ပချေးငွေယူရေးကိစ္စ ဆိုင်းငံ့ထားဖို့ လွှတ်တော် ဆုံးဖြတ်


2018.11.26
pyitaungsu-hluttaw-622 ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ်
Photo: Myanmar Union Parliament - facebook

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပြည်ပချေးငွေ ရယူမယ့်ကိစ္စကို ယာယီဆိုင်းငံ့ဖို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်း သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လျှောက် ဖွံ့ဖြိုးရေးနဲ့ မြို့ပြယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရို သန်း ၇၀ ချေးငွေ ရယူဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်အချို့က ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က နိုင်ငံတော် သမ္မတ ကိုယ်စား လွှတ်တော်မှာ လာရောက်ရှင်းလင်းတင်ပြပြီးနောက် လွှတ်တော် နာယက ဦးတီခွန်မြတ်က ချေးငွေရယူမယ့်ကိစ္စကို လွှတ်တော်ပိုင်းက ထပ်မံစိစစ်ဖို့ လိုတယ်လို့ သုံးသပ်ကြောင်း၊ ဒါကြောင့် ယာယီဆိုင်းငံ့ထားမှာဖြစ်ကြောင်း ပြောခဲ့တာပါ။

ဆက်လက်ပြီး အဲဒီချေးငွေနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စစ်ဆေးပြီး ဒီဇင်ဘာလ ၃ ရက်နေ့ မတိုင်ခင် တေ့ွရှိချက် အစီရင်ခံစာ တင်ပြဖို့လည်း နာယက က ကြေညာခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတက တစ်ဆင့်ပေးပို့ပြီး ပြည်ထောင်စု လွှတ်တော်ကသာ အတည်ပြု ဆုံးဖြတ်ပေးရတဲ့ ပြည်ပချေးငွေ ရယူမယ့် အစီအစဉ်တစ်ရပ်ကို အခုလိုပြန်လည်စိစစ်ဖို့ ဆုံးဖြတ်တာဟာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း သုံးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လျှောက်ဖွံ့ဖြိုးရေးနဲ့ မြို့ပြယဉ်ကျေးမှု ထိန်းသိမ်းရေး အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရို သန်း ၇၀ ချေးငွေ ရယူဖို့ ကိစ္စကို ယာယီ ဆိုင်းငံ့ထားပြီး ပြန်လည်စိစစ်ဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဆုံးဖြတ်လိုက်တာပါ။

ပြည်ထောင်စုလွှတ်တော် နာယကရဲ့ ဆုံးဖြတ်ချက်ဟာ သင့်တော်တယ်လို့ ကိုယ်စားလှယ်အချို့က ပြောကြပါတယ်။

အဲဒီချေးငွေကိစ္စကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြန်လည်စိစစ်ပြီး ဒီဇင်ဘာလ ၃ ရက်ထက်နောက်မကျဘဲ အစီရင်ခံစာတင်သွင်းဖို့ ပြည်ထောင်စုလွှတ်တော်၊ နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။

"AFD ကနေ ချေးငွေယူရိုသန်း ၇၀ ရယူမယ့် ကိစ္စကို မိမိတို့ လွှတ်တော်အပိုင်းအနေနဲ့ ထပ်မံစိစစ်လေ့လာဖို့ လိုမယ်လို့ သုံးသပ်မိပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေနဲ့ လွှတ်တော် ကော်မတီများ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနဲ့ တေ့ွဆုံဆွေးနွေးပြီး လေ့လာတေ့ွရှိချက် အစီရင်ခံစာကို ဒီဇင်ဘာလ ၃ရက်နေ့ထက် နောက်မကျဘဲ လွှတ်တော်မှာ ဖတ်ကြားတင်သွင်းနိုင်ရေး စီမံဆောင်ရွက်ဖို့ ဖြစ်ပါတယ်"

ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အင်န်အယ်လ်ဒီပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်ခင်က အဲဒီချေးငွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေထဲက တချို့နဲ့ပတ်သက်ပြီး အခုလို မေးခွန်းထုတ်ပါတယ်။

"အင်မတန် ကျေနပ်ပါတယ်။ ဒါ ပြန်စိစစ်သင့်တယ်။ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဒီကိစ္စကို စဉ်းစားတဲ့အခါ ကျနော်တို့ကို ခေါ်လေ့ခေါ်ထရှိပါတယ်။ အဲဒီအခါကျရင် အကျေအလည်ဆွေးနွေးပြီး ဘာကြောင့်ဆိုတာ ပြောပြမယ်။ ပုဇွန်တောင်ချောင်းကို ဘာကြောင့် သောင်တူးဖို့ လိုမလဲ၊ အဲဒီချောင်းမှာ ခရီးသည်တင် မော်တော်ရေယာဉ် နစ်မြုပ်သွားတယ်ဆိုတာ ကြားဖူးလား"

ဒီလို စီမံကိန်းမျိုးကို နိုင်ငံခြားချေးငွေအစား ပြည်တွင်းမှာ လုပ်ကိုင်သင့်ကြောင်းနဲ့ အခုစီမံကိန်းဟာ Water Bus အတွက် ရည်ရွယ်တာဖြစ်နိုင်ကြောင်းလည်း ပြောပါတယ။်

စီမံကိန်းနဲ့ပတ်သတ်ပြီး အစီရင်ခံစာ တင်သွင်းရမယ့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့နေတာကို ဖြေရှင်းဖို့ လုပ်ဆောင်တဲ့ကိစ္စရပ် ပါဝင်တာကြောင့် လိုအပ်တယ်လို့ ပြောပါတယ်။

"တကယ့် တကယ်ကတော့ ပြည်သူသက်သာ ချောင်ချိရေးလုပ်တာကိုတော့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းဖို့ လုပ်တဲ့လုပ်ငန်းပဲ လိုအပ်တဲ့လုပ်ငန်းတစ်ခုပဲလို့ ယုံကြည်တယ် သို့သော် ဒီဟာအပေါ်မှာ ကော်မတီရဲ့ တေ့ွရှိချက်ကတော့ သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လာရောက်ဖြေကြားတဲ့အဖွဲ့ရယ် နောက်တစ်ခုက ပါတဲ့အချက်အလက်တွေရယ်ကို ပြည်သူတွေ ပိုမို သိရှိနိုင်အောင် လေ့လာသုံးသပ်တင်ပြဖို့ ဆုံးဖြတ်တယ်လို့ပဲ ယုံကြည်ပါတယ်"

အခုလို ပြန်လည်စိစစ်စေတာဟာ ချေးငွေ မခိုင်မာလို့မဟုတ်ဘဲ ပိုပြီးပွင့်လင်းမြင်သာတဲ့ အချက်အလက်တွေကို ပြည်သူတွေကို ဖော်ပြနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ အဲဒီချေးငွေနဲ့ ဈေးနဲ့ ပန်းခြံအချို့ကို အဆင့်မြှင့်တင်ဖို့၊ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီနေ့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီ စီမံကိန်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်မှာဖြစ်ပြီး  စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလက စတင်ခဲ့ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ အပြီးသတ်ခဲ့တယ်လို့ သိရပါတယ်။

စီမံကိန်းကာလကတော့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ထိ ၅ နှစ်ဖြစ်ပြီး ချေးငွေမှာ ဆိုင်းငံ့ကာလ ၇ နှစ်၊ ပြန်ဆပ်ကာလ ၁၈ နှစ်၊ စုစုပေါင်း ၂၅ နှစ်နဲ့ အတိုးနှုန်း သုည ဒသမ ၄ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော် ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ်လောက်ကလည်း သမဝါယမ ဝန်ကြီးဌာနက တရုတ်နိုင်ငံကနေ ချေးငွေရယူတဲ့ကိစ္စကို လွှတ်တော်က ဆိုင်းငံခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။