ရန်ကုန်-ဒလ ကူးတို့ရေယာဉ်ပေါ် ပေါက်ကွဲမှု ၁၇ ဦး ဒဏ်ရာရ

RFA Burmese
2022.12.19
ရန်ကုန်-ဒလ ကူးတို့ရေယာဉ်ပေါ်  ပေါက်ကွဲမှု ၁၇ ဦး ဒဏ်ရာရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်-ဒလ ပြေးဆွဲနေသည့် ချယ်ရီအမှတ်-၂ ခရီးသည်တင်ရေယာဉ်ပေါ် ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များအား တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်မြစ်ကိုဖြတ်ပြီး ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီအမှတ်-၂ ခရီးသည်တင် ရေယာဉ်ပေါ်မှာ ဒီဇင်ဘာ ၁၈ ရက် မနေ့ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ခရီးသွားပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၄၀ ကျော်ကြား အရွယ်တွေဖြစ်ပြီး အမျိုးသား ၁၅ ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး ပါဝင်ပါတယ်။

ဒဏ်ရာရသူ အများစုဟာ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ရင်ဘတ်တွေမှာ ထိခိုက်ခဲ့ပြီး လူနာတွေ အရေးပေါ် ဆေးကုသမှု ခံယူနိုင်ဖို့အတွက် ရန်ကုန်ဆေးရုံကြီးကို ချက်ချင်း ပို့ဆောင်ပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတဲ့ လူမှုကူညီရေးအသင်းဝင် လူငယ်တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"ပေါက်ကွဲမှုက အသံအတော်ကျယ်တာ၊ ပြောရရင် ကျနော်က သင်္ဘောနဲ့ ကိုက် ၂၀၀ မှာ ရှိနေတာ၊ တုန်တောင် သွားတယ်၊ အများစုက ခြေထောက်အောက်ပိုင်းတွေ ထိတာ၊ သွေးထွက်လွန်တာတွေ လည်းရှိတယ်၊ အကုန်လုံးကို သွေးတွေတိတ်အောင် ကူညီကယ်ဆယ်ရေးတွေ ဆေးရုံကြီးကို ပို့ပေးခဲ့တယ်၊ သေဆုံးတာတော့ မရှိပါဘူး"

မနေ့ညနေပိုင်း ဒဏ်ရာရသူ ၁၇ ဦးထဲက သွေးထွက်လွန်ပြီး ဒီနေ့မနက်ပိုင်းမှာ ငါးဦး သေဆုံးသွားတယ်လို့ ပြည်တွင်းသတင်းမီဒီယာတချို့က ဖော်ပြတာကြောင့် သေဆုံးသူ ရှိ မရှိ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာလှကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ သေဆုံးသူ မရှိကြောင်း အတည်ပြု ပြောဆိုပါတယ်။

ဒီကိစ္စအသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဗိုက်ဘာဂရုကတစ်ဆင့် RFA က မေးခွန်းပို့ မေးမြန်းတဲ့အခါ မနေ့က ညနေ ၆ နာရီ မိနစ် ၄၀ အချိန်က ရန်ကုန် ပန်းဆိုးတန်း ဆိပ်ကမ်းကနေ ဒလဘက်ကို ထွက်ခွာ သွားတဲ့ ချယ်ရီအမှတ်-၂ ခရီးသည်တင် ရေယဉ်ဟာ ကမ်းကထွက်ခွာပြီး မီတာ ၅၀ အကွာ အရောက်မှာ ရေယာဉ်အောက်ထပ်ကနေ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲတာကြောင့် ခရီးသည် ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြန်လည်ဖြေဆိုထားပါတယ်။

ဒါ ဘယ်သူ့လက်ချက်ဆိုတာကို ဘယ်အဖွဲ့ကမှ လောလောဆယ် ထုတ်မပြောသေးပါဘူး။

ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ ကတော့ အများပြည်သူကို ထိခိုက်အောင်လုပ်တဲ့ ဒီလိုလုပ်ရပ်မျိုးကို ရှုတ်ချကြောင်းနဲ့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိတဲ့အတွက် ဝမ်းနည်းကြောင်း မနေ့ညက ထုတ်ပြန်ထား ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒလမြို့နယ်က ဒေသခံတစ်ဦးကလည်း အများပြည်သူ သွားလာတဲ့ ဒီလိုနေရာမျိုးကို စစ်ရေးပစ်မှတ်အဖြစ် ဖောက်ခွဲတိုက်ခိုက်တဲ့လုပ်ရပ်ကို အားမပေးဘဲ ရှုတ်ချတယ်လို့ RFA ကို ပြောပါတယ်။

"သမ္ဗန်စီးရင် တစ်ထောင်၊ ချယ်ရီသင်္ဘောက နှစ်ရာပဲပေးရတယ်။ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း မှာနေတဲ့ သူတွေအကုန် ဒီသင်္ဘောကိုပဲ စီးကြတာ၊ သက်သာတယ်လေ၊ ဒီလိုနေရာကို ဗုံးဖောက်ခွဲတာ PDF ပဲ လုပ်လုပ်၊ နစက ပဲ လုပ်လုပ် ရှုတ်ချတယ်၊ ဒီဖြစ်ရပ်အတွက် တာဝန်ခံပေးရမယ်လို့ ပြောချင်တယ်"

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အင်းစိန်ထောင်ဝင်စာဌာနမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ထောင်ဝင်စာလာပို့တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ ထောင်ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးပြီး နောက်ထပ် ၁၈ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။