ထိုင်းနိုင်ငံ ဆီတင်သင်္ဘောပေါက်ကွဲမှု မြန်မာအလုပ်သမား ခုနစ်ဦး သေဆုံး
2023.01.19

ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ မဲခေါင်မြစ်ကမ်းအနီးက သင်္ဘောကျင်းမှာ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက သင်္ဘောဆီတင်ပိုက်လိုင်းတွေကို ပြုပြင်ထိန်းသိမ်းရေး လုပ်နေစဉ် ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ခုနစ်ဦးနဲ့ ထိုင်းနိုင်ငံသားတစ်ဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းအခြေစိုက် အလုပ်သမား အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
သေဆုံးတဲ့ မြန်မာအလုပ်သမားတွေဟာ အသက် ၃၀ ကနေ ၄၀ ကြားအရွယ်တွေဖြစ်ပြီး ရုပ်အလောင်းအများစုကို မဲခေါင်မြစ်အတွင်းကနေ ဆယ်ယူရရှိခဲ့တယ်လို့ အလုပ်သမား အဖွဲ့တွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ အမည်စာရင်းအတိအကျကို ဘန်ကောက်ရှိ မြန်မာသံရုံးနဲ့ အလုပ်သမား အဖွဲ့ တွေက စိစစ်နေဆဲဖြစ်ပါတယ်။
သေဆုံးတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေသူတွေ ဖြစ်ပြီး ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ အစိမ်းရောင်ကတ် ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့အရေးကို ကူညီဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တာဝန်ရှိသူ ဦမင်းဦး က RFA ကို ပြောပါတယ်။
"လောလောဆယ် နောက်ဆုံးသတင်းအရ မြန်မာ ခုနစ်ဦးနဲ့ ထိုင်းတစ်ဦးသေ၊ နောက်ထပ် မြန်မာတစ်ဦး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတယ်ပေါ့။ အဲဒီ သင်္ဘောကျင်းက မြန်မာအလုပ်သမားတွေ အများဆုံးရှိတဲ့ နေရာပေါ့၊ ငါးဖမ်းစက်လှေ တွေ၊ ဆီတင်သင်္ဘော၊ ကုန်တင်သင်္ဘောတွေ ရာနဲ့ချီရှိတယ်။ အဲဒါတွေကို မှီခို အလုပ် လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ဂဏန်းနီးပါး ရှိပါတယ်"
ပေါက်ကွဲမှုဖြစ်စဉ်က အဲဒီသင်္ဘောပေါ်မှာ သံဂဟေဆက်နေတဲ့ မြန်မာအလုပ်သမား ၃၀ နီးပါး ရှိတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ မြန်မာအလုပ်သမားအရေအတွက် ဒီထက်ပိုများနိုင် တယ်လို့ သူက ဆိုပါတယ်။
သင်္ဘောပြုပြင် ထိန်းသိမ်းရေးအတွက် ဆီပိုက်လိုင်းတွေကို သံဂဟေဆက်နေတုန်း ပိုက်လိုင်းထဲက လက်ကျန်ဆီတွေကို မီးစမှန်ပြီး ရုတ်တရက် ပေါက်ကွဲခဲ့တာလို့ ထိုင်း ရောက်အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။
ဘန်ကောက်ရှိ မြန်မာသံရုံးကတော့ ပေါက်ကွဲမှုဖြစ်တာ မှန်ကန်ကြောင်း အတည်ပြုထားပြီး သေဆုံးတဲ့ ထိခိုက်ဒဏ်ရာရတဲ့ မြန်မာအလုပ်သမားတွေအတွက် သူတို့ရဲ့ မိသားစုတွေကို အာမခံကြေးနဲ့ နစ်နာကြေးတွေ ပေးနိုင်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ရော အလုပ်ရှင် တွေနဲ့ပါ ညှိနှိုင်းသွားမယ့်အကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။