မိကျောင်းကန်ဆန္ဒပြပွဲ ပဋိပက္ခ ၈ ဦး ဒဏ်ရာရ
2013.12.07

ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊၂၊၃) မြေနေရာ ပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေ နဲ့ သပိတ်စခန်းအနီး မြစာရံအေးစေတီကို ခြံဝင်းခတ်ဖို့ ကြိုးစားသူတွေ ဒီနေ့မနက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၈ ဦး ဒဏ်ရာရခဲ့ ပါတယ်။
အနက်ရောင်အင်္ကျ ီဝတ်ဆင်ထားသူ လူအုပ်စုက မြစာရံစေတီဝင်းမှာ ထိုင်နေကြတဲ့ ဆန္ဒပြသူတွေကို ဖယ်ရှားရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြသူတွေ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခံရ တာဖြစ်ပါတယ်။
ညနေပိုင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရီတို့ ရောက်ရှိလာပြီး မကြာခင်ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဆန္ဒပြနေသူတွေ ကို တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဦးအောင်သိန်းလင်းက ပြောကြားခဲ့ပါတယ်။
“လောလောဆယ်မှာ ဝန်ကြီးချုပ်အနေနဲ့ကတော့ ဒါက တပ်ကသိမ်းထားတဲ့မြေ ဖြစ်တဲ့အခါကျတော့ တပ်ပိုင်းဆိုင်ရာဘက်ကို အချက်အလက်တွေနဲ့ ပေးပြီးတော့မှ တပ်ပိုင်းဆိုင်ရာနဲ့ သူတို့ထပ်ပြီးတော့မှ ညှိနှိုင်းဆောင်ရွက်မယ့် အနေအထားမျိုးဖြစ်တယ်၊ ဒါကြောင့်မို့ ဝန်ကြီးချုပ်က သူကိုယ်တိုင်လာပြီးတော့မှ ဆန္ဒဖော်ထုတ်တဲ့သူတွေနဲ့ ၁ ရက် ၂ ရက်အတွင်းမှာတွေ့မယ်၊ တွေ့ပြီးတော့မှ သူကိုယ်တိုင်ရှင်းပြမယ်၊ ကျနော်တို့ဘက်ကလည်း အေးအေးချမ်းချမ်းနဲ့ ပြဿနာပြေလည်ချင်ပါတယ်၊ ဒါဟာတဖြည်းဖြည်း ကြီးထွားလာလို့ရှိရင် မကောင်းဘူး”
ဒဏ်ရာရသူ အမျိုးသမီးတွေကို နာရေးကူညီမှုအသင်း ရန်ကုန်က ကားတွေနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း(၁၊၂၊၃)ကို စစ်တပ်က သိမ်းယူထားတာဖြစ်ပြီး တပ်ပိုင်မြေဖြစ်တဲ့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်ကော်မရှင်အကြား ဒီကိစ္စကို ဆက်လက် ဆွေးနွေးသွားရမှာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ပြောခဲ့ပါတယ်။
အပိုင်း ၁ ၊ ၂၊ ၃ မြေနေရာတွေ ပြန်ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ဒီနေ့ဟာ ၁၂ ရက်မြောက်ဖြစ်ပါတယ်။
ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုဇော်ထွန်းကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။