မိုင်းနင်းမိသူ နှစ်ဦး သေဆုံး


2016.07.31

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ ညောင်ပင်သာကျေးရွာအနီးက တောစပ်မှာ မနေ့ညက မိုင်းနင်းမိ ပြီး ညောင်ပင်သာရွာက တောင်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ အသက်နှစ်ဆယ်ကျော်အရွယ် တောင်သူတွေဖြစ်တယ်လို့ ဆင်ဘိုမြို့နယ်ခွဲ ရဲစခန်းမှူး က ပြောပါတယ်။

"ရွာသားငါးယောက်ကတော့ သူတို့ကတော့ဓလေ့အတိုင်းပဲ ငါးရှာ၊ ဖားရှာပေါ့ဗျာ၊ မျှစ်ချိုးဘာညာ အဲ့လိုမျိုးသွားတာပါ၊ သွားရင်းနဲ့ နမ့်ဖားချောင်းနားက ၃ မိုင်ကျော်တာပေါ့ အဲ့နားတဝိုက်မှာ သူတို့ မိုင်းဟောင်းတစ်လုံးနင်းမိတယ်၊ တစ်ယောက်ကတော့ ဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်၊ တစ်ယောက်ကတော့ ကျေးရွာကို ကျန်တဲ့ ၃ ယောက်ကနေ သယ်လာပေးတယ်၊ သေဆုံးတဲ့သူကိုရော ဒဏ်ရာရတဲ့သူကိုရော သယ်လာပေးတယ်၊ မနေ့ကရောက်ပြီးမှ ဒီနေ့မနက်မှာ ဆင်ဘိုကိုပို့ပေးတယ်"

ညောင်ပင်သာကျေးရွာရဲ့ အရှေ့တောင်ဘက် ရှစ်မိုင်ကျော်အကွာမှာရှိတဲ့ တောထဲကို အမဲလိုက်သွားချိန်မှာ မိုင်းနင်းမိတာဖြစ်ပါတယ်။

မိုင်းကွဲမှုဖြစ်ပွားတဲ့နေရာတစ်ဝိုက်ဟာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေတဲ့ နေရာဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

မိုးညှင်း၊ မိုးကောင်း ၊ မြစ်ကြီးနား၊ တနိုင်း စတဲ့ မြို့နယ်တွေက ကျေးရွာတွေတစ်ဝိုက်မှာလည်း ဒေသခံတောင် သူတွေနဲ့ အရပ်သားတွေ မကြာခဏ မိုင်းပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။