ဆီဆိုင်မြို့အတွက် အရေးပါတဲ့ သဘက်ချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ
2024.04.29

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွက်အရေးပါတဲ့ ဝိန်းကောင်ကျေးရွာက သဘက်ချောင်းတံတားဟာ ဧပြီလ ၂၇ ရက်နေ့ ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဆီဆိုင်မြို့ခံတွေက ဒီနေ့ပြောပါတယ်။
အဲဒီတံတားဟာ ဆီဆိုင်မြို့နဲ့ ညောင်ရွှေမြို့အတွက် အဓိကကုန်စည်ကူးသန်းနေရတဲ့ တံတားဖြစ်တာကြောင့် ဒေသခံတွေအတွက် အခက်အခဲဖြစ်ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က အဲဒီတံတားကိုပဲ အဓိကအားထားနေရတာ။ ဆီဆိုင်မြို့အတွက် တောင်ကြီး၊ ညောင်ရွှေကို အဲကနေ အဓိကသွားနေရတာ။ အခုတောင် သွားလို့မရတော့ဘူး။ မိုးတွင်းဆို ပိုဆိုးပြီ။ ကုန်ပစ္စည်းတွေပါလာလို့ မရတော့ဘူးဆိုတော့ ပိုခက်ပြီ”
ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ကတော့ အဲဒီတံတားကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) က မိုင်းခွဲဖျက်ဆီးခဲ့တာလို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဧပြီလ ၂၈ ရက်နေ့ မနေ့ကနေ ဧပြီလ ၂၉ ရက် ဒီနေ့မနက်ပိုင်းအထိ ဆီဆိုင်မြို့တောင်ဘက်အခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ PNLA တပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။