Yangon Crown သံမဏိစက်ရုံ အလုပ်သမား တောင်းဆိုချက်အားလုံး ရရှိ
2012.05.30

အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်ကိုယ်တိုင် ထပ်မံဝင်ရောက် ညှိနှိုင်းပေးခဲ့ပြီးနောက် အလုပ်သမားတွေ အဓိကတောင်းဆိုနေတဲ့ အခြေခံလစာ တိုးပေးရေးကို အလုပ်ရှင်က သဘောတူလိုက်သလို ဆေးရုံတက် ဆေးကုသခံနေတဲ့ အလုပ်သမားတွေအတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆန္ဒပြအလုပ်သမားတွေအရေး ကူညီဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မမာမာဦးက ပြောပါတယ်။
ရန်ကုန်သရဖူ သံမဏိစက်ရုံ အလုပ်သမား သုံးရာခန့်ဟာ အခြေခံလစာ တိုးမြင့်ပေးဖို့၊ အချိန်ပို လုပ်အားခ သတ်မှတ်ပေးဖို့၊ ခွင့်ရက်နဲ့ ပိတ်ရက်တွေ ညှိနှိုင်းပေးဖို့ စတာတွေ အပါအဝင် အချက် ၁၃ ချက်ကို ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ထဲက ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေထဲက ၁၂ ချက်ကို လိုက်လျောလိုက်ပေမဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ အခြေခံလစာ တိုးမြှင့်ပေးရေးမှာ ညှိနှိုင်းလို့ မရတဲ့အတွက် မေလ ၂၅ ရက်နေ့ကစပြီး အလုပ်သမား ၄၀ က အစာအငတ်ခံ ဆန္ဒပြခဲ့ကြပြီး သူတို့ထဲက ၃ ဦးဟာ ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
အလုပ်သမားတွေက အခြေခံလစာ တစ်နေ့ ၁၆၀ ကျပ်အစား ၁၆၀၀ ကျပ်တိုးပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ တိုက်ကြီးမြို့နယ်က MGE အထည်ချုပ်စက်ရုံ လုပ်သားတွေရဲ့ အခြေခံလစာ တိုးမြှင့်ပေးရေး တောင်းဆိုချက်ကို မြို့နယ်တာဝန်ရှိသူတွေ ရပ်မိရပ်ဖတွေက ဝိုင်းဝန်း ညှိနှိုင်းပေးတဲ့အတွက် ပြေလည်မှု ရရှိသွားပြီလို့ သိရပါတယ်။
အလုပ်ရှင်က အခြေခံလစာကို ရှစ်ထာင်ကျပ် ထပ်မံတိုးပေးခဲ့တာကို အလုပ်သမားတွေက သဘောတူလက်ခံလိုက်တာဖြစ်ပါတယ်။