GRAND ROYAL အရက်ချက်ရုံ လုပ်သား (၃၀) ဆန္ဒပြ

မြန်မာ့ ယမကာဈေးကွက်မှာ နာမည်ရနေတဲ့ GRAND ROYAL အရက်ချက်ရုံက အခြေခံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရာမှာ ပါဝင်တဲ့ ခေါင်းဆောင်နှစ်ဦးကို ဒီနေ့ အလုပ်ထပ်ဖြုတ် လိုက်တဲ့အတွက် စက်ရုံလုပ်သား အယောက် (၃၀) တို့က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂) ကနောင်မင်းသားကြီးလမ်းမှာ တည်ရှိတဲ့ စက်ရုံဝင်းထဲနဲ့ ဝင်းပြင်ပမှာ ဒီကနေ့ နေ့လည်က စတင် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဒီနေ့ အလုပ်ထုတ်ခံရသူ ကိုဇော်ဆိုင်းမင်းက အလုပ်ဖြုတ်ခံရတဲ့အပေါ် RFA ကို အခုလိုပြောပါတယ်။

"ဘယ်အလုပ်သမားမှ အလုပ်ပြုတ်တာ မလိုချင်ဘူးပေါ့ဗျာ။ ဘယ်သူမှလည်း ထွက်ချင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း ပထမတစ်သုတ် ၄ ယောက်တုန်းကလည်း ဒီအဖွဲ့အစည်းထဲက အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၄ ဦး ထုတ်လိုက်ပြီးတော့မှ အခုကျတော့ ကျွန်တော်တို့ ဥက္ကဋ္ဌနဲ့ ဘဏ္ဍာရေးမှူးကို တွဲဖက်ပြီးတော့မှ ထပ်ပြီးထုတ်ပါတယ်ခင်ဗျ။ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းလို့မရတော့ပဲနဲ့ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းလို့ဆိုပြီးတော့မှ ကျွန်တော်တို့အလုပ် ပြုတ်ရတဲ့ ပုံစံဖြစ်ပါတယ်။ မျှတမှုကတော့ လုံးဝမရှိပါဘူးခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ထုတ်မယ်ဆိုရင်တော့ ထုတ်စရာလူ အများကြီး မရှိပါဘူး။ ကျွန်တော်တို့ အဆိုင်းမှာ ကျွန်တော်တို့ လူအင်အားနဲ့ ကျွန်တော်တို့ လုပ်နေတဲ့ဟာတွေနဲ့ အကိုက်ပါပဲခင်ဗျ။ အဲတာကို လူအင်အားမလိုလို့ ဆိုပြီးထုတ်တာ လုံးဝ တရားမျှတမှု မရှိပါဘူး"

ဒီနေ့ အထုတ်ခံရတဲ့ အထဲမှာ စက်ရုံအခြေခံ အလုပ်သမား သမဂ္ဂမှာ ဘဏ္ဍာရေးမှူး တာဝန်ယူထားတဲ့ မစုမွန်သန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီလ (၁၂) ရက်နေ့ကလည်း အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ ပညာရှင်လုပ်သား (၄) ဦးကို အလုပ်က ထုတ်ပယ်ခဲ့ပါသေးတယ်။ အရင် (၄) ယောက်ကို ထုတ်ပယ်တဲ့အခါ စက်ရုံအတွင်း မူးယစ်ရမ်းကားလို့ ထုတ်တာဖြစ်တယ်လို့ စက်ရုံမှူး ဦးစိုးမင်းက RFA ကို ပြောပါတယ်။

အခုဆိုရင် အမျိုးသမီးတစ်ဦး အပါအဝင် အလုပ်ထုတ်ခံရသူ စုစုပေါင်း (၆) ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီခွဲလောက်မှာ မြို့နယ် အလုပ်သမား ဦးစီးဌာနက တာဝန်ရှိသူတွေက ညှိနှိုင်း ဆောင်ရွက်ဖို့ ရောက်လာကြပေမယ့် နှစ်နာရီထိုးတဲ့အထိ စက်ရုံဝင်းထဲကို အဝင်မခံတဲ့အတွက် စက်ရုံရှေ့မှာ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။