လုပ်ခလစာ ဖြတ်တောက်တဲ့ကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆို

ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ခိုင်ခိုင်စန္ဒာ ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံက အလုပ်သမား (၆၀) ကျော်ဟာ အခြေခံ လုပ်ခလစာတွေ ဖြတ်တောက်ခံနေရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမား ဦးစီးဌာနရုံးကို ဒီကနေ့ သွားရောက်ပြီး အရေးဆို တိုင်ကြားခဲ့ကြပါတယ်။

2012.09.07

အလုပ်ရှင်က ဖြတ်တောက်လိုက်တဲ့ လုပ်ခလစာတွေကို အပြည့်အ၀ ပြန်ပေးဖို့နဲ့ နောင်ကို အလုပ်သမားတွေဆီက လုပ်အားခတွေ မဖြတ်တောက်ဖို့ အခုလို တိုင်ကြားရတာ ဖြစ်တယ်လို့ စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ကိုအောင်ထွဋ်က RFA ကို အခုလို ပြောပြပါတယ်။

"အစိုးရ အလုပ်ချိန်အတိုင်း တစ်နေ့ ရှစ်နာရီ သတ်မှတ်ပြီး လစာငွေ လျှော့တဲ့အပြင်ကို ကျွန်တော်တို့ ကြားရက် အလုပ်သမားတွေကို time card ၃၀၀ ပြောင်းတယ်။ ၃၀၀ ပြောင်းပြီး ကြားရက် ပိုက်ဆံတွေကိုလည်း လျှော့ထားသေးတယ်။ လုပ်ခ လစာငွေတွေ ပုံမှန်အတိုင်း ပြန်ရဖို့ပေါ့။ ကျွန်တော်တို့မှာ လုပ်သက်ခွင့်တို့ ရှောင်တခင်ခွင့်တို့ အဲဒီ အခွင့်အရေးတွေမှာလည်း သူတို့က ပိုက်ဆံတွေ ဖြတ်ထားတယ်။ ကျွန်တော်တို့ ဒီကိစ္စ ဖြေရှင်းပေးဖို့ လာပြောတာ"

ခိုင်ခိုင်စန္ဒာ ကားတပ်ဆင်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာဟာ ပျမ်းမျှခြင်း တစ်ရက်ကို ၂၀၀၀ ကျပ်ကနေ ၇၀၀၀ ကျပ်အထိ အသီးသီး ရရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ပြီးခဲ့တဲ့ သြဂုတ်လမှာ ၅၀၀ ကျပ် ဖြတ်တောက်ခဲ့ပါတယ်။

ဒီလမှာ ၁၅၀၀ ကျပ်လောက် ဖြတ်တောက်မယ်လို့ သတင်း ထွက်ပေါ်နေတဲ့အတွက် ရွှေပြည်သာမြို့နယ် အလုပ်သမား ဦးစီးဌာနကို သွားရောက် တောင်းဆိုရတာ ဖြစ်တယ်လို့ သိရပါတယ်။ ခိုင်ခိုင်စန္ဒာစက်ရုံမှာ အလုပ်သမား ၉၀ လောက် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။