ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြ
2012.09.07

မြန်မာအလုပ်သမားတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် တောင်းဆိုတဲ့အခါ ကိုရီးယား အလုပ်ရှင်ဘက်က အလုပ်ဖြုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လေ့ ရှိတယ်လို့ ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။
"သမီးတို့ကို မန်နေဂျာကပေါ့နော်။ နင်တို့တွေ ဒီလိုဆန္ဒပြမှုတွေ ဆက်တိုက်လုပ်နေမယ် ဆိုလို့ရှိရင် နင်တို့ဘယ်စက်ရုံမှ ဝင်လို့မရအောင်လို့ နာမည်ဆိုးနဲ့ အဲဒီလိုမျိုး ခြိမ်းခြောက်တယ်။ သမီးတို့ကတော့ ဆက်လက်ပြီးတော့ ဆန္ဒပြရမှာပေါ့။ ဆက်လက်ပြီး သွားရမှာပေါ့။ နင်တို့တွေ အလုပ်သမားက တစ်ထောင်ကျော်လောက် ရှိတယ်။ တခြားစက်ရုံမှာ ဒီအလုပ်သမား တစ်ထောင်ကျော်လောက်ကို အလုပ်မပေးနိုင်ဘူး။ နင်တို့ကို သုံးလစာ လစာပေးပြီး ဖြုတ်လိုက်မယ် ဆိုလို့ရှိရင် နင်တို့ဟာ အလုပ်လက်မဲ့ ဖြစ်သွားမယ်လို့ သမီးတို့ကို ခြိမ်းခြောက်တယ်။ သမီးတို့က မြန်မာနိုင်ငံသား မြန်မာနိုင်ငံမှာ နေတဲ့အတွက် ထမင်းငတ်မသေဘူးလို့ သမီးတို့က ယုံကြည်တယ်"
လှိုင်သာယာ၊ ရွှေပြည်သာစတဲ့ စက်မှုဇုန်တွေမှာ စက်ရုံတစ်ရုံလုံး အတိုင်းအတာနဲ့ အလုပ်သမားတွေ ထောင်နဲ့ချီ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုတာဟာ အခုပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာကို ကြိုတင် အကြောင်းကြားထားခြင်း မရှိဘဲ ဆန္ဒပြတာ ဖြစ်တဲ့အတွက် တောင်းဆိုချက်တွေကို အလုပ်ရှင်နဲ့ ညှိနှိုင်းဖြေရှင်းပြီးရင် အမြန်ဆုံး လူစုခွဲပေးဖို့ လိုအပ်ကြောင်း မရမ်းကုန်းမြို့နယ် ဒုရဲမှူး ဦးကျော်ဇင်ဝင်းက ဆန္ဒပြအလုပ်သမားတွေကို အခုလို သတိပေး ပြောကြားခဲ့ပါတယ်။
"မိမိတို့ရဲ့ဆန္ဒကိုဖော်ထုတ်ဖို့ စုဝေးမယ်ဆိုရင်၊ စီတန်း လှည့်လည်မယ်ဆိုရင် သက်ဆိုင်ရာကို ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုတော့ သက်ဆိုင်ရာကို ခွင့်ပြုချက်ရယူခြင်း မရှိပဲနဲ့ ရောက်ရှိလာတဲ့ အနေအထားမျိုးကြောင့် ဥပဒေနဲ့ မညီတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တိုင်းကအလုပ်သမား တာဝန်ရှိသူများနဲ့ ဆွေးနွေးတဲ့အခါမှာ အမြန်ဆုံး ဆွေးနွေးပြီး အမြန်ဆုံး လူစုခွဲပေးဖို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်"
ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၄၀၀ ကျော်ရှိပြီး လုပ်သက် လေး၊ ငါးနှစ်အထက် အလုပ်သမားတွေရဲ့လစာနှုန်းဟာ အချိန်ပိုကြေးနဲ့ တခြားထောက်ပံ့ကြေးတွေ အပါအဝင် အများဆုံး လေး၊ ငါးသောင်းလောက်ပဲ ရရှိတဲ့အတွက် ငွေကျပ် ရှစ်သောင်းကျော်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။