ဘုတလင်မြို့နယ်က ရက်ရက်စက်စက်သတ်ဖြတ်မှု NGYSC ဆန္ဒပြ
2024.10.27

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာက ပြည်သူတွေကို စစ်ကောင်စီက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာကို မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) က ရန်ကုန်မြို့မှာ အောက်တိုဘာလ ၂၇ ရက်နေ့က ဆန္ဒပြခဲ့ပါတယ်။
ရန်ကုန်မြို့က ကုန်းကျော်တံတားတစ်ခုပေါ်မှာ "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ မမေ့ဘူး ဘုတလင်" ဆိုတဲ့ ဘန်နာချိတ်ဆွဲပြီး ဆန္ဒပြခဲ့တာပါ။
ဘုတလင်မြို့နယ်၊ စီပါရွာက ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေနည်းတူ တခြား စစ်ရာဇဝတ်မှုတွေကို ပြည်သူလူထုတွေအနေနဲ့ သွေးအေးမေ့လျော့မသွားဘဲ စစ်အာဏာရှင်ကိုအမြစ်ပြတ် တွန်းလှန်တိုက်ခိုက်ကြဖို့ တိုက်တွန်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) တာဝန်ခံတစ်ဦးက ပြောပါတယ်။
“အာဏာရှင်ဖက်စစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ခဲ့တာ ယခုဘုတလင်မှာတင်မဟုတ်ဘဲ ရှေ့အရင်ကတည်းက အလားတူဖြစ်ရပ်များစွာရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ သွေးအေးမေ့လျော့မသွားဖို့ရာ လှုပ်ရှားမှုလုပ်ခဲ့တာပါ"
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘုတလင် စီပါကျေးရွာမှာ ဒေသခံအရပ်သား ခြောက်ယောက်ကို ခန္ဓာကိုယ်တွေကို ရက်ရက်စက်စက် အပိုင်းပိုင်းသတ်ဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲခဲ့သလို အရပ်သားပြည်သူအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
စီပါရွာသားတွေ ရက်ရက်စက်စက်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူအများစုက နိုင်ငံတကာကို တရားမျှတမှု ဖော်ဆောင်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။