ကချင်အရေးအပေါ် အထူးစိုရိမ်ကြောင်း ယန်ဟီးလီ ပြောကြား
2018.05.01

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုထိ အနည်းဆုံး အရပ်သား ၁၀ ဦး သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြပြီး၊ ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ အပေါ် အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကချင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ လုံးဝလက်ခံနိုင်စရာမရှိကြောင်း၊ တရုတ်နယ်စပ်အနီး တပ်မတော်က လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အပြစ်မဲ့အရပ်သားတွေ သေကြေထိခိုက်ဒဏ်ရာရနေကြရတဲ့ သတင်းတွေ ကြားသိနေရတဲ့အတွက်၊ ပြည်သူတွေ မထိခိုက်ရအောင် လိုအပ်တဲ့ အစီအမံတွေကို နှစ်ဘက်လုံးက ဆောင်ရွက်ကြဖို့ မစ္စ ယန်ဟီးလီက တိုက်တွန်း လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း ဂျီနီဗာက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မစ္စ ယန်ဟီးလီက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ကမ္ဘာ့တဝှမ်းက ရခိုင်ပြည်နယ် ပဋိပက္ခအပေါ်မှာသာ အထူးအာရုံစိုက်နေကြချိန်မှာ၊ ကချင်ပြည်နယ်လို တခြားနေရာတွေမှာလည်း အကြမ်းဖက် ပဋိပက္ခတွေ အရှိန်မြင့်မားနေကြောင်း ပြောကြားခဲ့ပါ တယ်။
ပြီးခဲ့တဲ့ သီတင်းပတ် သုံးပတ်အတွင်း တရုတ်နယ်စပ်အနီး ကချင်ကျေးရွာတွေက ပြည်သူ ငါးထောင်ကျော် နေရပ် စွန့်ခွာကာ တောတောင်တွေထဲ ထွက်ပြေးခဲ့ကြရပြီး၊ ရိက္ခာ၊ ဆေးဝါးနဲ့ တခြားအကူအညီတွေ လိုအပ်နေပါတယ်။