ရမည်းသင်းက ရေဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ

RFA Burmese
2024.09.27
ရမည်းသင်းက ရေဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်နေမှုအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။
Voice Of Wundwin Photo

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် နေအိမ်ပျက်စီးပြီး ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည်တွေကို ယာယီစစ်ဘေးဒုက္ခသည် စခန်းတွေမှာ နေထိုင်ခွင့်မပြုတော့ဘဲ နေရပ်ပြန်ကြဖို့ ဖိအားပေးခံ နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သပြေပင်ရွာမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဖြစ်ပြီးနောက် နေအိမ်တွေ ပျက်စီးပြီး စာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည် ငါးရာခန့်ကို စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး သုံးရက်အတွင်း ဖယ်ရှားပေးရမယ်လို့ အာဏာပိုင်တွေဘက်က ပြောဆိုထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ရေဘေးဒုက္ခသည်တွေက ပြောပါတယ်။

နေအိမ်တွေပျက်စီးသွားလို့ သုံးရက်အတွင်း ရွှေ့ပြောင်းပေးရမယ်ဆိုရင် ရေဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပြေပင်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုဆိုရင် အခက်အခဲတွေ အများကြီးကြုံနေရပါပြီ။ သုံးရက်အတွင်း ရွှေ့ရမယ်ဆိုတော့ ဘယ်ကိုရွှေ့ပြီးတော့ ဘာလုပ်ရမှာလဲ။ နေရာလည်း မရှိဘူး။ ဘယ်ကို သွားနေရမှာလဲ။ ဒီကျောင်းဆောင်ကြီးမှာပဲ နေနေရတာပါ။ ဒါကြောင့် ဝိုင်းဝန်းကူညီပေးဖို့လည်း တောင်းပန်ပါတယ်။ အခုဆိုရင် မိသားစုတွေအများကြီး စိတ်ဆင်းရဲနေကြပြီ။ ကျန်းမာရေးမကောင်းတဲ့ မိသားစုတွေတွေလည်း အများကြီး။ ဘယ်မှာ သွားနေရမလဲ”

ပျက်စီးသွားတဲ့ နေအိမ်တွေအတွက်လည်း ပြန်ဆောက်ဖို့ လတ်တလော မဖြစ်နိုင်သေးသလို အကူအညီပေးမှုတွေလည်း နေအိမ်ပျက်စီးခဲ့သူတွေထံ မရောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သပြေပင်ရွာမှာ အိမ်ခြေ လေးရာဝန်းကျင် (၃၈၇ လုံး) ရှိတဲ့အနက် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုကြောင့် အိမ်ခြေ ၂၅၀ ပျက်စီးဆုံးရှုံးသွားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က စက်တင်ဘာလ ၂၇ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

သပြေပင်ကျေးရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့က မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀ ရှိခဲ့သလို ပျောက်ဆုံးသူ ၃၁ ဦးအထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စက်တင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်အရ တိုင်းနဲ့ ပြည်နယ် ကိုးခုက မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးနစ်မြုပ်မှုဖြစ်ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့တိုင်းနဲ့ ပြည်နယ်တွေက လူပေါင်း ၄၁၉ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။