WY ၁သန်းနီးပါး ဘူးသီးတောင်မှာ ဖမ်းမိ


2017.11.21
wy-622.jpeg WY စိတ်ကြွမူးယစ်ဆေးပြားတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း နှစ်သောင်းနီးပါးတန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ကိုးသိန်းခြောက်သောင်းကျော်ကို ရဲတပ်ဖွဲ့က မနေ့က သိမ်းဆည်းရမိခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ် အိုးသည်ရွာအနီး တောင်ကြောတစ်နေရာကနေ သိမ်းဆည်းရမိခဲ့တာလို့ ဘူးသီးတောင် မြို့မရဲစခန်းမှူး ဒုရဲမှူးသောင်းကြွယ်က ပြောပါတယ်။

"မူးယစ်ဆေးဝါး ဆာလာအိတ်နဲ့ထုပ်ပြီး အထုပ်က ငါးထုပ်၊ အဲထဲမှာ ဆေးပြားက ၉၆၅၂၅၀။ ကျနော်တို့ အဲဒီမှာ အိုးသည်ရွာရဲ့ မြောက်ဘက်တောင်ကြော၊ အိုးသည်ရွာနဲ့ဆိုရင် တစ်ဖာလုံလောက်တော့ ဝေး လိမ့်မယ်။ အဲနားမှာ ဘင်္ဂါလီတွေနေခဲ့တဲ့ တဲလေး တစ်လုံး နှစ်လုံးရှိတယ်။ အခုတော့ လူမရှိတော့ဘူး။ အဲဒီတဲတွေ ဘာတွေရော အကုန်လိုက်ရှာတာပေါ့။ နောက်ဆုံး အဲဒီနားမှာ သွားတွေ့တယ်။"

ဘူးသီးတောင်မြို့အမှတ်(၄)ရပ်ကွက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်ခြံဝင်းတစ်ခုကနေ WY ဆေးပြား ကိုးသိန်းခုနစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးကို စစ်ဆေးရာမှာ သူ့ရဲ့ထွက်ဆိုချက်အရ မနေ့က သွားရောက်ရှာဖွေရာမှာ ထပ်မံသိမ်းဆည်းရမိခဲ့တာလို့သိရပါတယ်။

အဓိကတရားခံကတော့ ပထမအကြိမ် ဖမ်းဆီးစဉ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဘူးသီးတောင် မြို့မစခန်းမှူး ဒုရဲမှူးသောင်းကြွယ် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။