စိတ်ကြွဆေးပြား ၆ သိန်းကျော် ဖမ်းမိ

ယာဉ်မောင်းဖြစ်သူကို ငွေကျပ် သန်း ၁၈၀၀ ကျော်တန်ဖိုးရှိတဲ့ WY မူးယစ်စိတ်ကြွဆေးပြား ၆ သိန်းကျော်နဲ့အတူ တွေ့ရစဉ်
ယာဉ်မောင်းဖြစ်သူကို ငွေကျပ် သန်း ၁၈၀၀ ကျော်တန်ဖိုးရှိတဲ့ WY မူးယစ်စိတ်ကြွဆေးပြား ၆ သိန်းကျော်နဲ့အတူ တွေ့ရစဉ် (Photo: RFA)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှာ ကာလတန်ဖိုး ငွေကျပ် သန်း ၁၈၀၀ ကျော်တန်ဖိုးရှိတဲ့ WY မူးယစ်စိတ်ကြွဆေးပြား ၆ သိန်းကျော်ကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းကနေ အငူမော်ဆိပ်ကမ်းကို ထွက်ခွာမယ့် ကမ်းထိုးဇက်ရေယာဉ်တစ်စီးပေါ် တင်ဆောင်ထားတဲ့ လူစီးကားတစ်စီးကို ရှာဖွေရာမှာ အဲဒီမော်တော်ယာဉ်ရဲ့ နောက်ခန်းအံဝှက်ထဲကနေ တွေ့ရှိခဲ့တာလို့ ရဲအရာရှိတွေက ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မောင်တောမြို့ အမှတ်(၃) ရပ်ကွက်မှာနေထိုင်တဲ့ ယာဉ်မောင်းဖြစ်သူကို စစ်တွေမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသဟာ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို WY စိတ်ကြွမူးယစ်ဆေးပြားတွေ ပို့ဆောင်တဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါး အမြောက်အမြားကို မကြာခဏ ဖမ်းဆီးရမိနေတာဖြစ်ပါတယ်။